ချစ်ပန်းတပိုက်
နမ်းတရှိုက်နဲ့
အလွမ်းခိုက်အောင်
ကတိုက်ကရိုက်သွားပါတော့..
မပြောသင့်လို့
မပြောရက်လို့
မပြောချင်သေးတဲ့
ပူလောင်တဲ့
ရက်စက်တဲ့
အကြင်နာမဲ့တဲ့
ခါးသီးတဲ့စကားလုံးတွေယူပြီး
နောင်တဘ၀ ဆိုတာကိုထွက်သွားချင်တယ်
တချိန်ချိန်မှာဒေါသတွေတောက်လောင်
သောကတွေကြောင့်ပြိုကွဲပျက်စီးနေတဲ့
ချစ်သူတို့ရဲ့အကြင်နာမြို့လေးကို
ဘယ်မျက်ရည်ကမှ
ငြိမ်းသတ်ပေးနိုင်မှာမဟုတ်ဘူး
တမ်းတခြင်းမီးခိုးတွေကြားက
ကြေကွဲခြင်းနာကျဉ်းခြင်းအစတွေစူးနစ်လို့
သစ္စာနီနီသွေးတွေစိုရွှဲနေတဲ့
ချစ်သူရဲ့ အသံမဲ့ငိုကြွေးတာကို
ဘယ်လိုမျက်လုံးနဲ့ကြည့်ရက်မှာလည်း
တောင်းပန်ပါတယ်ချစ်သူ...
မုန်တိုင်းမထန်
လေမဆန်ခင်လေး
အနမ်းချိုမွှေး ချစ်ပန်းမွေးချိန်
လေပြေလည်းသာ..ချစ်မိုရွာချိန်
ချစ်တာကိုမှတ်......လမ်းခွပ်လပ်က
ချစ်ပန်းတပိုက်
နမ်းတရှိုက်နဲ့
အလွမ်းခိုက်အောင်
ကတိုက်ကရိုက်သွားပါတော့.....နော်။
တတိုင်းမွှေး။ ။28-4-2013
ကိုယ်တိုင်တွေးပါသည်။
No comments:
Post a Comment