Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Friday, May 2, 2014

တမ်းတမိသောလက်တစ်စုံ


 
“ ဆံချတော့မယ်တဲ့ ”

ကျောင်းသားလေးတစ်ယောက်ကလာပြောတော့

ကျွန်တော်ခေါင်းကိုစမ်းလိုက်မိသည်။လွန်ခဲ့သည့်အပတ်ကမှသေသေချာချာပုံသွင်း

ထားသည့် ဆံပင်လေးတော့သွားတော့မည်။ ကျောင်းသားလေးက လုံချည်အသစ်

တစ်ထည်နှင့်စွပ်ကျယ်အသစ်တစ်ထည်ကို ကမ်းပေးလို့ကျွန်တော် လဲဝတ်လိုက်ပြီး

ကျောင်းသားလေးနောက်ကိုလေးတွဲ့သည့်ခြေလှမ်းများနှင့် လိုက်ခဲ့သည်။ခေါင်းရိတ်

ပေးမည့်ဦးဇင်းက သင်တုံးဓါးကိုတဖြန်းဖြန်းနှင့်ခတ်နေသည်မှာ အသဲယားစရာပင်။

´ မြန်မြန်လာပါ ပဉ္ဇင်းလောင်းရဲ့´

သူ့ခေါ်သံကြားမှကျွန်တော့်ခြေလှမ်းက ပိုပြီးနှေးသွားသည်။ ဦးဇင်းကကျွန်တော့ခေါင်း

ကိုကြည့်ပြီး ပြုံးလိုက်သည်၊ပြီးတော့မှ

“ ခေါင်းကိုရေသွားဆွတ်လိုက်လေ ” ဟုပြောလိုက်ပါသည်။

ဖိတ်စာ နှင့်မဖိတ်ထားသော်လည်း ရဟန်းလောင်းများရဲ့နီးစပ်ရာ မိတ်ဆွေများ

ကတော့ လာကြပါ သည်။တစ်ဖက်နိုင်ငံမှာအလုပ်သွားလုပ်နေသောကျွန်တော့် ကိုအဖေက

လကုန်အမှီပြန်လာခိုင်းပါသည်။ ကျွန်တော်ပြန်မည်ဆိုတော့ အတူနေ တစ်မြို့တည်းသား

ဝင်းကိုနှင့် မင်းထက်တို့လည်းလိုက်ပြန်လာကြသည်။ပြန်ရောက် လာတော့မှအဖေက

“ သား ..မင်းကိုရဟန်းတက်ပေးမလို့ ပြန်ခေါ်လိုက်တာ..”

အဖေ့စကားကြောင့် သထုံမှာတပေါင်းပွဲ ကဲရန်စိတ်ကူးလာသော ကျွန်တော်တို့

တွေမောသွားကြသည်။ဒါပေမဲ့ မုဆိုးဖိုဖခင်ကြီးရဲ့ ဆန္ဒ ကိုလည်းမလွန်ဆန်နိုင်တော့သဘော

တူလိုက်ပါသည်။ ကျွန်တော်ရဟန်းဝတ်မည်ဆိုတော့လည်း ၀င်းကိုတို့လည်းလိုက်ဝတ်ဖို

ဆုံးဖြတ်လိုက်လို့ သူတို့မိဖများလည်းတော်တော်ပျော်သွားကြသည်ပင်။

ကျွန်တော်အဖေကိုလည်းကျေးဇူးတင်ကြပါသည်။ သည်လိုနှင့်ကျွန်တော်တို့သုံးယောက်

ရဟန်းဝတ်ဖြစ်ကြခြင်းဖြစ်သည်။ ကျွန်တော်ကရေတစ်ခွက်ကို အုတ်ကန်ထဲကခတ်ပြီး ခေါင်း

ကိုရေဆွတ်လိုက်သည်။

“ တော်ပြီ သိပ်အများကြီးမဆွတ်နဲ့” အဖေ့အသံကြောင့် ကျွန်တော်ခေါင်းရေဆွတ်တာ

ကို ရပ်လိုက်သည်။နောက်တော့လည်းဦးဇင်း အရှေ့မှာသူ့ကိုကျောခိုင်းပြီး ဆောင့်ဆောင့်လေး

ဝင်ထိုင်လိုက်ရသည်။

အုတ်ရေကန်လေးရဲ့တစ်ဖက်မှာတော့ မင်းထက်နှင့်ဝင်းကိုတို့နှစ်ယောက်ကတော့

ခေါင်းရိပ်နှင့်လေ သည်။မင်းထက်ဆိုတစ်ခေါင်းလုံးတောင်ကုန်ခါနီးနေပြီ။ဝင်းကိုကတော့

တစ်ခြမ်းကျန်နေသေးသည်။သူတို့အသီး သီးရှေ့ကပိတ်ဖြူလေးတွေကိုအသီးသီးဖြန့်ထားပြီး

သူတို့အဖေနဲ့အမေတွေကတစ်ဖက်စီအသီးသီး ကိုင်ထား ကြသည်။

အမှတ်မထင်သူတို့မျက်နှာကိုကြည့်မိတော့ ၀င်းပကြည်လင်နေတဲ့ပီတိအပြုံးတွေကို

ကျွန်တော်မြင်လိုက် ရသည်။ရုတ်တရက်ကျွန်တော့်ရင်ထဲမှာ ဒိန်းခနဲတုန်လှုပ်သွားမိသညိ

အမည်မဖော်ပြနိုင်သောဝမ်းနည်းမှုတစ်ခုကိုခံစားလိုက်ရသည်။ပြီးတော့အဖေ့ကိုလှမ်းကြည့်

လိုက်မိသည်။

အဖေကလက်ထဲမှာကိုင်ထားသောပိတ်ဖြူစလေးကို ဖြန့်ချလိုက်သည်။

ဘေးမှာရပ်နေသောကျောင်းသားလေးက ကျန်သည့်အစနှစ်ဖက်ကိုကိုင်ပြီး ပြိုင်တူထိုင်

ချလိုက်သည်။ဦးဇင်းကကျွန်တော့်ခေါင်းကိုနောက်မှနှိမ့်ပြီးတွန်းလိုက်တော့ ကျွန်တော်

အလိုက်တသိပင်ခေါင်းငုံ့ပေး လိုက်ရာသင်တုန်းဓါးနှင့်ရိတ်ချလိုက်သောဆံပင်တစ်ထွေ

ပိတ်ဖြူပေါ်သို့ကျလာသည်။

ထိုအခိုက် ကျွန်တော့်ညာဖက်ကပိတ်ဖြူအစွန်းကိုကိုင်ထားသော အဖေ့လက်

တုတ်တုတ်ကြီးနှစ်ဖက်ကို ကြည့်မိလိုက်သည်။အဖေ့လက်နှစ်ဖက်ကိုသည်လိုအနီးကပ်

မတွေ့ရသည်မှာတော်တော်ကြာခဲ့ပြီ။အဖေ့လက်မှာ အရင်လိုမတင်းတော့ပဲအရေပြား

တစ်ချို့ပျော့လာပြီး အရစ်တွေပေါ်လာနေပြီကော။ထိုလက်နှစ်ဖက်နှင့်ကျွန်တော့် ကိုရိုက်

ခဲ့ဖူးသလို သည်လက်နှစ်ဖက်ကကျွန်တော့်ဦးခေါင်းကိုပွတ်ပြီးကြည့်စယ်ခဲ့ဘူးသည်။

သည်လက်နှစ်ဖက်က ကျွန်တော့်ကိုမုန့်ဖိုးတွေပေးခဲ့သည်။သည်လက်နှစ်ဖက်သည်

ကျွန်တော့်ကိုလူလားမြောက်စေခဲ့သည်။

နောက်တော့ ကျွန်တော်ဘယ်ဖက်ကိုမျက်လုံးဝေ့ကြည့်လိုက်တော့ ကျောင်းသားလေးရဲ့

ပိတ်ဖြူစကိုကိုင်ထားသောလက်နှစ်ဖက်ကိုတွေ့ရသည်။အမှန်ဒီနေရာမှာ အခြား လက်တစ်စုံဖြစ်

နေသင့်သည်။ ကျွန်တော်အရမ်း မြတ်နိုးသောဖြူဝင်းပြီးသွယ်တန်းနေသောလက်တစ်စုံ၊ ပိန်လှီ

သော်လည်း ကျွန်တော့်ကိုအင်အားတွေပေးခဲ့သော လက်တစ်စုံ၊ ကွန်တော်အိပ်နေစဉ် နဖူး

လေးကိုလာလာစမ်းသောလက်၊ ကျွန်တော်နိုးလာလျှင် ပါးကိုဆွဲဆွဲလိမ် တတ်သောလက်၊

ကျွန်တော်ဝမ်းနည်းလျှင် ကျွန်တော့်ခေါင်းကိုထိုးဖွပြီးနှစ်သိမ့်တတ်သောလက်၊ ယခုတော့

ဒီလက်နှစ်ဖက်မရှိတော့။ ခေါင်းမှာဆွတ်ထားသောရေက နဖူးမှတဆင့်ပိတ်ဖြူပေါ်

သို့တစက်စက်ကျနေ၏။ရေစက်တို့ကျထိသည့်နေရာတွင် အစိုကွက်လေးများဖြစ်သွားသည်

ရိတ်ချလိုက်သောဆံပင်ကလည်းစိုနေတော့ ပိတ်ဖြူစမှာအစိုကွက်ကစုစုပြီး

ရေကွက်ကြီးဖြစ်သွားသည်။ကျွန်တော်သတိထားမိသည့်အချိန်မှာကျနေသောရေစက်များနှင့်

အတူကျွန်တော့်မျက်လုံးမှမျက်ရည်စက်များပါနေပြီကော။

ပိတ်ဖြူစကိုကိုင်ထားသောအဖေ့လက်အစုံလည်း တဖြေးဖြေးတုန်လာပါသည်။

မမျှော်လင့်ပဲအဖေ့ရှေ့က ပိတ်ဖြူစမှာရေကွက်လေးနှစ်ခုကို ကျွန်တော်မြင်လိုက်ရသည်။

` အဖေရယ် .....သားလိုပဲသတိရနေတာလားနော် ´

ဒီတစ်ခါတော့အဖေပြောနေကျစကားကိုပဲ သားရင်ထဲကပြန်ပြောလိုက်မိသည်။

“ ဖြစ်တတ်ရင် ပျက်တတ်ပါတယ်အဖေရယ် ´´

ထိုအခိုက်လေးမှာပင် အဖေ့နှုတ်ဖျားမှတိုးညှင်း သော်လည်းပီသသောစကားလုံး

အချို့ကိုရင်မှာနင့်နေအောင် ကြားလိုက်ရပါတော့သည်။

“ အမေကြီးရေ..... မင်းသားရဟန်းဘောင်ကို တက်တော့မည်နော်

ရောက်လေရာဘုံဘ၀ကနေပြီးတို့သားအဖပြုတဲ့ ဒါနကုသိုလ်ကို သာဓုခေါ်လိုက်ပါတော့နော်..

အမေကြီးရေ.. အမျှ အမျှ အမျှ ရပါစေကွယ်.....”

သားယောက်ကျားတိုင်းအမိအဖတို့အတွက် ရဟန်းတက်ပြီး ကုသိုလ်ဆက်ခွင့်ပေး

နိုင်ကြပါစေ။

အစဉ်လေးစားလျှက်


တတိုင်းမွှေး။ ။2-5-2014

Monday, January 20, 2014

( ခန့်ထားရန်သင့် -မသင့်သိလိုပါသည်)

 ( ခန့်ထားရန်သင့် -မသင့်သိလိုပါသည်)
“ ရောက်လာပြီလား ”
အခန်းထဲကိုလှမ်းဝင်လိုက်သည်နှင့် ဂျာကြီး(မန်နေဂျာကြီး ) ဦးတင့်၏အပြစ်တင်သံနှောနေသော
အသံကစိတ်ကိုမသက်မသာဖြစ်စေသည်။သူကတော့ကိုယ်ပိုင်ကားနှင့်လာရသူမို့မိမိကဲ့သို့လိုင်းကား
နှင့်လာရသောသူ၏ပြသနာတွေသိမှာမဟုတ်၊
“ ဟုတ်ကဲ့ လိုင်းကားတွေက တော့ မနက်ပိုင်းဆို ရင်သိတဲ့အတိုင်းဘဲဆရာ” နေ့စဉ်မိမိဆိုင်က၀န်ထမ်းတွေ
ပေးနေကြဖြေရှင်းချက်ကိုဘဲအသုံးချလိုက်တော့သည်။“ ထိုင်ဗျာ ကိုအောင်ထက် ဦးစိုးဝင်းလည်းခုလေးတင်
ရောက်တာ ခင်ဗျားကဆိုင်အရင်ဝင်ပြီှးရောက်မှာတွက်ပြီး ကျွန်တော် ဆယ်နာရီချိန်းထားတာ အတော်ပါဘဲ ”
မန်းနေးဂျင်းဒါရိုက်တာ ဦးမောင်မောင်ရဲ့စကားကစိတ်ကိုပြေသွားစေသည်။မိမိတို့လုပ်ငန်းစုမှ
ရန်ကုန်မြို့ပေါ်တွင်ဆိုင်ခွဲပေါင်းခြောက်ဆိုင်ဖွင့်ပြီးဖြစ်သည်၊ဆိုင်ခွဲများဖွင့်တိုင်းအရောင်းဝန်ထမ်းများ
ခန့်ထားရန်ကြော်ငြာပြီးလျှောက်လွှာခေါ်ခဲ့ကြသည်။လျှောက်ထားသူတွေအထဲကမှ သတ်မှတ်ချက်နှင့်
ပြည့်စုံသူများကိုလူတွေ့စစ်ဆေးရသည်။
ယနေ့လည်း စမ်းချောင်းတွင် ဖွင့်မည့်ဆိုင်ခွဲအတွက်လူတွေ့စစ်ဆေးရန်ရောက်လာခြင်းဖြစ်သည်။
ကျွန်တော် ကတာမွေဆိုင်ခွဲကအရောင်းတာဝန်ခံတစ်ဦးသာဖြစ်သော်လည်း လူတွေ့စစ်ဆေးတိုင်း
MD ဦးမောင်မောင်က ကျွန်တော့ကိုပါခေါ်လေ့ရှိသည်။ “ မောင်ရင်က လက်တွေ့ဝန်ထမ်းတွေနဲ့ နေ
ရတော့ ဖြစ်တတ်တဲ့ပြသနာတွေကိုသိတယ် ဒါတွေကိုပါနဲနဲပါးပါးမေးပေးပါ ”
စစ်ဆေးမှုပြီးလျှင်ကျွန်တော်တို့အနေနှင့် “ ခန့်ထားသင့်သည် ” “ ခန့်ထားရန်မသင့် ” ဆိုသောမှတ်ချက်
နှစ်ခုအနက် တစ်ခုခုကို ဖြေဆိုပြီးသော ၀န်ထမ်းသစ်အမည်ဘေးတွင်ရေးသားပေးရန်သာဖြစ်သည်။
ခန့်သည်မခန့်သည်ကတောု့ဦးမောင်မောင်၏ဆုံးဖြတ်ချက်သာအတည်ဖြစ်ပါသည်။ယနေ့လူတွေ့
ဖြေဆိုမည့်သူမှာ တစ်ဆယ့်နှစ်ယောက်သာရှိသည်။ပုံမှန်အတိုင်းတစ်ဦးလျှင်ဆယ်မိနစ်ခန့်သာမေး
လေ့ရှိသဖြင့်နေ့ဝက်လောက်တော့ထိုင်ရပေမည်။
  “ ကဲစလိုက်ရအောင်  ” ဦးမောင်မောင်အခန်းဝကစာရေးလေးကိုလှမ်းပြောလိုက်သည်နှင့်
တစ်ဦးချင်းကိုစ ပြီးခေါ်တော့သည်။တချို့ကအခန်းတွင်းရောက်လျှင် ခါးကလေးညွှတ်၍ အရိုအသေပြုကြပြီး
တချို့ကလက်အုပ်ကလေးချီပြီး ဦးညွှတ်ကြသည်။ ပြီးမှသတ်မှတ်ထားသောခုံတွင်ဝင်ထိုင်ကြသည်။
ကျွန်တော် တို့ကတော့လျှောက်လွှာပါအချက်အလက်များအပြင်၊ အ၀တ်အစားသေသပ်မှု၊ဆံပင်သေသပ်မှု
ကအစ စကားအပြောအဆိုသွက်လက်မှု၊ပီသမှု၊များကိုပါအကဲဖြတ်ရပါသည်။
     ကျွန်တော် တို့လေးယောက်မှ မေးခွန်းတစ်ခုနှစ်ခု စီမေးပြီး ဖြေဆိုသည်ုအဖြေများကိုနားထောင်ပြီး၊
မှတ်ချက်ပေးရန်သာဖြစ်သည်။လူတွေ့မေးမြန်းနေချိန်မှာ မကြာခဏ လုပ်ငန်းခွဲများမှ ဦးမောင်မောင်ထံ
ဖုန်းမျာဝင်ဝင်လာ၍ နောက်ဆုံးလူကို ခေါ်လိုက်သည့်အချိန်တွင်မွန်းလွဲ တစ်နာရီ ခွဲနေပေပြီ။
နောက်ဆုံးလူ၊ထိုနောက်ဆုံးလူကတော့ အားလုံးထဲတွင် ကျွန်တော့ အတွက်ထူးခြားသည်။
  “မောင်သုတ ၀င်လို့ရပါပြီ ” ခေါ်လိုက်သည့်အသံအဆုံးမှာပင် အခန်းဝတွင်ပေါ်လာသည်။ ထိုနောက်ရပ်
လိုက်ပြီးခေါင်းကိုအသာလေးညွှတ်အရိုအသေပြုလိုက်သည်။ ဦးမောင်မောင်ကခေါင်းညှိမ့်ပြလိုက်သဖြင့်
အခန်းအလည်ကကုလားထိုင်တွင်ဝင်ထိုင်လိုက်လေသည်။
 “မောင် သုတ နော် ” မန်နေဂျာကြီးကနှုတ်ဆက်မေးလေးမေးလိုက်သည်။
 “ ဟုတ်ပါတယ် ” ထိုသူငယ်၏အဖြေက ပြတ်သည်ဟုခံစားမိသည်၊တစ်ကယ်ဆို “ဟုတ်ကဲ့ပါ ”
သို့မဟုတ် “ ဟုတ်ပါတယ်ခင်ဗျာ ” စသဖြင့်ဖြေသင့်သည်ဟု ကျွန်တော့ စိတ်တွင်ပြောလိုက်မိသည်။
“ ညီလေးကွန်ပြူတာသုံးတတ်လား ”ဂျာကြီးကစပြီးမေးလိုက်သည်။“ဟုတ်ကဲ့ အခြေခံလောက်တော့တတ်
ပါတယ် ”မန်နေဂျာကြီးကသူ့အဖြေကိုသိပ်တော့မယုံကြည်သည့်အနေဖြင့်၊
  “အခြေခံလောက်တော့တတ်တယ်ဆိုတာ ၀င်းဒိုးတွေဘာတွေကောပြန်တင်တတ်လား ”
 “ ဟုတ်ကဲ့တင်တတ်ပါတယ် ဆော့ဝဲလ် တွေလည်းပြန်ပြီးတင်တတ်ပါတယ် ”
ဒီတခါတော့ ဂျာကြီးတော်တော်သဘောကျသွားသည်။ “ ကဲဒါ ဆိုကွာ ဆိုင်က ကွန်ပြူတာက သုံးနေရင်းနဲ့
သုံးရတာတော်တော်လေး နေပြီဆိုရင်မင်းဘာလုပ်မလည်း ”မောင်သုတ ကနည်းနည်းလေးစဉ်းစားပြီးမှ
  “ကျွန်တော် ဘာမှမလုပ်ပါဘူး ”
“ ဟေ.. မင်မပြင်ပေးဘူးလား မင်းပြင်တတ်တယ်ဆို ” မန်နေဂျာကြီးအမေးကိုမောင်သုတကခပ်
သွက်သွက်ပင် “ ဒါက ကျွန်တော့ အလုပ်လည်းမဟုတ်ဘူး ကျွန်တော်ကအခုအရောင်းဝန်ထမ်း
လာလျှောက်တာပါ ကွန်ပြူတာပြင်ဘို့မဟုတ်ပါဘူး ပြီးတော့ဒါကအပျော်တန်းသမားတွေ
လက်တဲ့စမ်းလို့ကောင်းတဲ့ကိစ္စလည်းမဟုတ်ဘူး မတော်လို့အထဲကမှတ်ထားတဲ့ ဒေတာ တွေ
ပျက်သွားရင်လည်းပြသနာရှိပါတယ် ဒါကြောင့် ကျွန်တော်လုံးဝမပြင်ပါဘူး ”
သူ့အဖြေကိုမန်နေနဂျာကြီးအတန်ကြာအောင်စဉ်းစားနေသေးပြီးမှ ကျွန်တော့အားဆက်မေး
ရန်မေးဆတ်ပြလိုက်လို့ “ ကဲဒါဆို ညီလေးကိုအရောင်းနဲ့ပတ်သက်တာအကိုမေးမည်
သေသေခြာခြာနားထောင်နော် ” ကျွန်တော်က စကားကိုရပ်လိုက်ပြီးမှ
 “ ညီလေးရဲ့ကောင်တာမှာလူတစ်ယေက်ကမီးဂါင်း တစ်ခုလာမေးတယ် ညီလေးကရှိတယ်
ဆိုတော့သူကဘယ်လောက်လည်းမေးမည် ညီလေးက တစ်ထောင်လို့ပြောတော့
သူကတစ်ခုပေးလို့ပြောမယ် ဒါနဲ့သူကတစ်ခုပေးဆိုတော့ ညီလေးကတစ်ခုထုတ်ပေး
လိုက်တယ် အဲဒီလူက ငွေစက္ကူ တစ်ရွက်ကိုချပေးပြီး အလောတကြီးပြန်ထွက်သွားတယ် အဲ
ညီလေးကကြည့်လိုက်တော့ ငါးထောင်တန်ကြီးဖြစ်နေတယ် ပြန်ပြီးလိုက်ခေါ်လည်း အဲသည်လူကို
မတွေ့တော့ဘူးဆိုပါတော့ ကဲ ညီလေးဘာလုပ်မလည်း  ”
 တစ်ကယ်တော့ ကျွန်တော့မေးခွန်းက လွန်ခဲ့သောလကကျွှန်တော့ ဆိုင်ခွဲတွင်အမှန်တစ်ကယ်
ဖြစ်ခဲ့သောဖြစ်စဉ်ကိုမေးလိုက်ခြင်းဖြစ်သည်။ထိုစဉ်ကအရောင်းဝန်ထမ်းလေးက ပိုငွေလေးထောင်
ကိုကျွန်တော့ထံတွင်လာရောက်အပ်နှံခဲ့သည်၊ကျွန်တော်က စာအိပ်တွင်ထည့်ပြီး ယနေ့တိုင်သိမ်း
ထားခဲ့သည်၊ထိုအရောင်းဝန်ထမ်းအားလည်းပြန်လာတောင်းလျှင်လာယူရန်ပြောခဲ့ပြီးဖြစ်သည်။
 မောင်သုတ ကတော့ကျွန်တော့ မေးခွန်းကိုလွယ်လွန်းသည်ဟူသော အပြုံးဖြင့်
 “ ဒါများ ဦးလေးရယ် ကျွန်တော်ကတော့ ညနေဆိုင်သိမ်းချိန်ထိစောင့်မည် ဆိုင်သိမ်းတဲ့အထိ
လာပြန်မတောင်းခဲ့လျှင်တော့  “အားလုံးကသူ့အဖြေကိုစိတ်ဝင်စားစောင့်နေချိန်မှာသူကစကား
ကိုဖြတ်လိုက်ပြီးမှကျွန်တော့မျက်နှာကိုကြည့်ပြီး “ကျွန်တော် ပိုတဲ့ငွေလေးထောင်ကိုယူလိုက်မှာပေါ့ ”
သူ့အဖြေကြောင့်ကျွန်တော် စိတ်ပျက်သွားသည်၊ကျွန်တော်လိုချင်သောအဖြေမဟုတ်၊
 “ မင်းအဲဒီငွေလေးထောင်ကိုအရောင်းတာဝန်ခံကိုမအပ်ဘူးပေါ့ ”မန်နေဂျာကြီးက၀င်မေးလိုက်သည်။
 “ လုံးဝအပ်ဖို့မလိုလို့မအပ်တာပါ” “ ပြောပါဦး ဘာဖြစ်လို့ မအပ် တာလည်းဆိုတာကို  ”
တစ်ချိန်လုံး ငြိမ်နေသော ဦးမောင်မောင်က၀င်မေးလိုက်သည်။
 “ကျွန်တော်သာငွေလေးထောင်ကိုအရောင်းတာဝန်ခံကိုအပ်လိုက်ရင် သူက ငွေလေးထောင်ကို
မှတ်စုစာအုပ်ကြားမှာဖြစ်ဖြစ် စာအိပ်လေးနဲ့ သူ့အံဆွဲထဲမှာဖြစ်ဖြစ်သိမ်းထားမှာပေါ့၊အဲ ကာလတစ်ခု
ကြာသွားလို့မေ့မေ့ပျောက်ပျောက်ဖြစ်သွားရင်သူဘာလုပ်မလည်း အဲဒါတော့ဘုရားသခင်ဘဲ
သိပါလိမ့်မည်။” သည်အဖြေကတော့မှန်လည်းမှန်ကျွန်တော့ဂုဏ်သိက္ခာကိုလည်းထိလာသည်မို့
ကျွန်တော်တော်တော်လေးကျွဲမြီးတိုသွားမိသည်။သူကဆက်ပြီး
“ တကယ်လို့ ကျွန်တော် ရောင်းလိုက်တာက ငါးထောင်တန်ပစ္စည်းဖြစ်ပြီး သူပေးခဲ့တာက
တစ်ထောင်တန်သာ ဆို လိုနေတဲ့ လေးထောင်ကို အရောင်းတာဝန်ခံက စိုက်ပေးမှာ
မဟုတ်တာသေချာတယ် ဒါ့ကြောင့် လိုလျှင်စိုက်ရမည့်ကျွန်တော် ဘဲယူသင့်တယ် ”
သူ့စကားအဆုံးမှာအားလုံးကဘာများဆက်မေးချင်သေးလည်းဆိုတဲ့မျက်လုံးများနဲ့ကျွန်တော့
ကိုလှမ်းကြည့်ကြသည်။ကျွန်တော်ကမေးစရာကုန်ပြီဆိုသည့်သဘောဖြင့်ခေါင်းခါပြလိုက်သည်။
တစ်ကယ်လည်းမေးချင်စိတ်ကုန်သွားပြီးဖြစ်သည်။ဈေးကွက်မန်နေဂျာဦးစိုးဝင်းကချောင်းတစ်ချက်
ဟန့်လိုက်ပြီး “ ညီလေးပရိုဖိုင်ထဲမှာ စီးပွားရေးနဲ့ ဘွဲ့ရထားပြီးပြီလို့ပါတယ် ညီလေးက အရောင်း
ဝန်ထမ်း လစာနဲ့ ဒီလုပ်ငန်းမှာရေရှည်လုပ်နိုင်ပါ့မလား လုပ်မည်လို့ကောစိတ်ကူးရှိလား ”
 မောင်သုတ ကတော်ရုံနှင့်မဖြေဘဲ ဦးစိုးဝင်းမျက်နှာကိုကြည့်နေပါသေးသည်၊နောက်မှ
 “ကျွန်တော် ဒီလစာနဲ့ ဒီလုပ်ငန်းမှာရေရှည်လုပ်မည် မလုပ်ဘူးဆိုတာ ဦးလေးတို့အပေါ်မှာဘဲ
 တည်ပါတယ် ဦးလေးတို့ကြော်ငြာမှာ ရွေးချယ်ခံရလျှင်အစမ်းခန့်ကာလသုံးလခန့်မည်လို့
ရေးထားသလိုကျွန်တော် ကလည်းအစမ်းလုပ်ကြည့်မည့်ကာလကို ကိုးလ ဒါမှမဟုတ်တစ်နှစ်
လို့စိတ်ကူးထားပါတယ်...”
“ ပြောပါဦး  အဲဒီကာလအတွင်းစိတ်ကူးကို ..” ဦးစိုးဝင်းကစိတ်ဝင်တစားမေးလိုက်သည်၊
ကျွန်တော် ကတော့တော်တော်ကြီးကျယ်တဲ့ကောင်ဟုတွေးရင်းပြုံးလိုက်မိသည်။
 “ သည်လိုပါ ကျွန်တော်ပထမ ရိုးသားကြည့်မယ် နောက်ကျိုးစားကြည့်မည် နောက်တော့
 လုပ်ငန်းပိုမိုတိုးတက်အောင်လေ့လာကြံဆကြည့်မယ် ကာလတစ်ခုထိပေါ့ ဒါပေမည့်
အဲဒါတွေက ဦးလေးတို့ဘက်က ဘာမှတုန့်ပြန်မှုမရှိလာဘူး အရာမထင်လာဘူးဆိုလျှင်တော့
 ကျွန်တော် အရည်ချင်းနဲ့ကိုက်ညီမည့် အခြားလုပ်ငန်းတစ်ခုခုကို ကျွန်တော် ပြောင်းမှာပါ ”
ဦးစိုးဝင်းက တစ်ခုခုထပ်မေးဘို့ပြင်ပြီးမှ မမေးတော့ဘဲ “ ဒီလောက်ပါဘဲ ..”လို့ခပ်ဖြေးဖြေး
ပြောလိုက်ပြီးနောက်သို့မှီထိုင်လိုက်သည်။
 နောက်ဆုံးမေးရမည့်သူ ဦးမောင်မောင် အလှည့်ပင်ဖြစ်သည်၊၊ ဦးမောင်မောင်ဘာမေးမည်
ကိုကျွန်တော် ဆို့အားလုံးသိပြီးဖြစ်သည်။လူတွေ့စစ်ဆေးသည့်အခါတိုင်းဦးမောင်မောင်က
မေးခွန်းတစ်ခုတည်းကိုသာမေးလေ့ရှိသည်။
 “ ကဲငါ့တူကိုဦးလေးကဘဲနောက်ဆုံးမေးမည် သေသေခြာစဉ်းစားပြီးဖြေနော် ဦးလေးကစိတ်ကူး
ကိုသိချင်လို့မေးမှာပါ၊ တကယ်လို့ပေါ့ ငါ့တူသာ ဒီလုပ်ငန်းတစ်ခုလုံးရဲ့ မန်းနေးဂျင်းဒါရိုက်တာ
သာဆိုလျှင် ဒီလိုကွာ အခုနေ ငါ့တူကို  ဒီလုပ်ငန်းစုကြီးရဲ့လုပ်ပိုင်ခွင့်အပြည့်နဲ့စီမံခန်ခွဲမှုလုပ်ရ
မည်ဆိုလျှင်ဒီလုပ်ငန်းစုကြီးတိုးတက်အောင်အရင်ဆုံးငါ့တူဘာလုပ်မလည်း ”
မောင်သုတက ဦးမော်မောင်မျက်နှာကိုပြန်ကြည့်လိုက်သည်။နောက်မှ...
“ ဒီနေ့ လူတွေးမေးတဲ့ဆီမှာ ကျွန်တော် ကနောက်ဆုံးမှ ဖြေရတဲ့သူပါ၊ဖြေပြီးလို့ထွက်လာတဲ့သူတွေ
ကို ဘာတွေမေးလည်းလို့ ကျန်တဲ့သူတွေကလိုက်မေးကြပါတယ်၊မေးခွန်းတွေကတစ်ဦးနဲ့တစ်ဦးမတူ
ကြပေမည့် အခုမေးခွန်းကိုတော့လူတိုင်းကိုမေးတတ်လို့ ကျွန်တော့ အလှည့်မှာဘယ်လိုဖြေရမလည်း
လို့ ကျွန်တော်ကြိုပြီးစဉ်းစားထားပါတယ် ”
“ အေး ကောင်းတာပေါ့ကွ မင်းကသူများတွေထက်အခွင့်အရေးပိုရတာပေါ့ ” ဦးမောင်မောင်ကပြော
လိုက်သည်ကို မောင်သုတက ခေါင်းခါပြီး၊ “ မဟုတ်ဘူးဦးလေး အဖြေတွေကပိုပိုများလာတယ် ”
သူ့အဖြေကြောင့် ကျွန်တော်တို့ပြုံးမိသွားကြသည်။သူကဆက်ပြီးပြောလိုက်သည်၊
 “ အချိန်တွေတဖြေးဖြေးကြာလာတော့ မှ ကျွန်တော် အကောင်းဆုံးအဖြေတစ်ခုကို သွားတွေ့တယ်၊
ဒါပေမည့် အဲဒီအဖြေကို ကျွန်တော် ဖြေလို့လည်းလုံးဝမဖြစ်ပြန်ဘူး ”
ကျွန်တော်တို့တော်တော်စိတ်ဝင်စားသွားသည်။ဦးမောင်မောင်က
“ ဟေ.... ထူးဆန်းတယ် ဘာလို့ဖြေလို့မဖြစ်တာလည်း ”
 မောင်သုတက ပြုးပြီး “ကျွန်တော် တွေ့ထားတဲ့အဖြေကိုပြောလိုက်ရင် သေခြာတာက ကျွန်တော်
 ဒီအလုပ်ကိုလုံးဝရတော့မှာမဟုတ်လို့ဘဲ.....” သည်သူငယ်တော်တော်ရစ်သည်လို့တွေးမိသလို
သူ့အဖြေကိုလည်းသိချင်မိသည်မို့ “ ညီလေး..မင်းအဖြေကဘာမို့..... ”စကားမဆုံးခင်မှာ၊
 “ ခဏလေး ကိုအောင်ထက် ကျွန်တော် ပြောမည်....” ဦးမောင်မောင်ကတားလိုက်ပြီး
 “ ကိစ္စ မရှိဘူးပြောလို့ရပါတယ် ဒီနောက်ဆုံးမေးခွန်းက လူတွေ့စစ်ဆေးတာနဲ့မဆိုင်ဘူး
ဦးလေးတို့လုပ်ငန်းစုကြီးအပေါ် လူငယ်တွေရဲ့အမြင်ကိုသိချင်ယုံသက်သက် မေးတာပါ၊ ငါ့တူ
လွတ်လွတ်လပ်လပ်ပြောလို့ရတယ် မှန်တာမှားတာအဓိကမဟုတ်ပါဘူး ”
ဦးမာင်မောင်စကားအဆုံးမှာ မောင်သုတက  “ ဒါဆိုရင်ကျွန်တော်ပြောမည် တကယ်လို့သာကျွန်တော့
မှာသာ  ဦးလေးပြောသလို လုပ်ပိုင်ခွင့်သာအပြည့်ရမည်ဆိုရင်... ကျွန်တော် ပထမ ဦးဆုံးလုပ်မှာက..”
မောင်သုတကစကားကိုရပ်လိုက်ပြီးကျွန်တော်တို့မျက်နှာများကိုတစ်ဦးချင်းဆီလိုက်ကြည့်လိုက်သည်။
ပြီးမှ  “ကျွန်တော် ဦးလေးတို့လေးယောက်ကိုအလုပ်က ထုတ်လိုက်ပါမည် ”
သူ့အဖြေကြောင့်ကျွန်တော်ဒေါသထောင်းကနဲထွက်သွားသည်၊ကျန်သည့်လူများလည်းမျက်နှတင်းကုန်
ကြသည်၊ဦးမာင်မောင်တစ်ယောက်သာ အပြုံးမပျက်ဘဲ ဆက်မေးလိုက်သည်။
“ ဟုတ်ပါပြီ ငါ့တူကဒီလိုပြောမှတော့ အကြောင်းပြချက်တော့ရှိမှာပေါ့ ဆိုစမ်းပါဦး ”
မောင်သုတက လက်အုပ်လေးချီလိုက်ပြီး “ တောင်းပန်ပါတယ် စိတ်မဆိုးကြပါနဲ့ ကျွန်တော် က
အလုပ်သဘောအရပြောတာပါ ဦးတို့ကိုစော်ကားတာမဟုတ်ပါဘူး၊ တကယ်တော့ဦးတို့ကဒီဌာနကြီး
တစ်ခုလုံးမှာတာဝန်ရှိတဲ့သူတွေပါ၊ဒါပေမဲ့ဘာမဟုတ်တဲ့ကိစ္စသေးသေးလေးမှာ တစ်နေကုန်အချိန်တွေ
ဖြုန်းနေကြတယ်၊ဦးလေးတို့မှာဆိုင်ခန်းရှိတယ်၊ရောင်းတဲ့ပစ္စည်းရှိတယ်၊သတ်မှတ်ဈေးနှုန်းရှိတယ်၊
ဘယ်သူမဆိုရောင်းလို့ရတဲ့အနေအထား၊အလုပ်လုပ်ချင်သူရှိတယ်၊အလုပ်လည်းရှိတယ်၊ပေးလုပ်ကြည့်
လိုက်၊မတတ်ရင်သင်ပေးလိုက်ပေါ့၊ကုန်စုံဆိုင်မှာဈေးနှုန်းတွေကလည်းပုံသေမဟုတ်ဘူးအားလူးတစ်မျိုးမှာ
ဘဲအကြီးအသေးဈေးမတူဘူး၊အဟောင်းအသစ်ဈေးမတူဘူး၊ပိုထည့်ပေးရတာရှိသေးတယ်၊စါရင်းလည်း
မမှတ်ထားဘူး၊အဲသည်ဆိုင်ရှင်ကလူလိုရင် ရှစ်တန်းလောက်အောင်တဲ့ကောင်မလေးတစ်ယောက်ကို
လုပ်မလားမေးတယ်၊လုပ်မယ်ဆိုခန့်တယ်၊ပြီးတော့ပေါင်းကြည့်ပြီးတော့မှကောင်းမကောင်းအကဲဖြတ်တာ၊
လိုတာကိုအလုပ်နဲ့သင်သွားတာ” မောင်သုတက မောသွားလို့ခဏရပ်လိုက်ချိန်မှာ၊
“ အပြင်ကကုန်စုံဆိုင်လိုတော့လုပ်လိုဘယ်ရမလည်းကွ ”ကျွန်တော်က၀င်ပြီးဘုတောလိုက်သည်ကို
ဦးမောင်မောင်က လက်တားလိုက်ပြီး “ ရပါတယ် ဆက်ပြောပါငါ့တူ”မောင်သုတကဆက်ပြီး၊
“ တကယ်တော့ဆိုင်ကတော့ဆိုင်ပါဘဲ အရေးကြီးတာက ရိုးသားမှုပါ အဲဒါကပေါင်းကြည့်မှသိမှာပါ
အခုကျွန်တော့လျှောက်လွှာမှာပါတဲ့အကျင့်စာရိတ္တကောင်းကြောင်းထောက်ခံစာကို  ကျွန်တော့ကိုလုံးဝ
မသိတဲ့သူတွေက ရေးပေးလိုက်တာပါ၊ တကယ်တော့ကျွန်တော့ဆံပင်ကအရှည်ကြီး အခုလူတွေ့ဖြေ
ရမှာမို့ညှပ်လာတာ၊ခါတိုင်းဘောင်းဘီအမြဲဝတ်တာအခုမှလုံချည်ဝတ်လာတာပါ၊ ပြောချင်တာက
ကနေ့ဦးလေးတို့မြင်ခဲ့တဲ့ဖြေဆိုသူတွေရဲ့ပုံစံတွေကအမှန်မဟုတ်ပါဘူး၊”
သူပြောသည်ကိုဖြစ်နိုင်သည်လို့တော့ကျွန်တော်တွေးမိသည်။
“ တကယ်တော့ဦးလေးတို့ထုတ်ကုန်သာအရည်အသွေးကောင်းပြီးဈေးနှုန်းလည်းသက်သာတယ်
ထူးထူးခြားခြားအသုံးတည့်ရင် ဂိုဒေါင်ထဲဖွက်ထားတာတောင်မှလာတောင်းဝယ်မှာပါ၊ဦီးလေး
တို့အဆင့်ကအဲဒီမှာသာအချိန်ပေးသင့်တယ်၊အခုတော့......”သူကစကားကိုဆက်မပြောတော့ဘဲ
“ ကွှန်တော်ပြောချင်တာသည်လောက်ပါဘဲ၊မှားသွားတာပါရင်တောင်းပန်ပါတယ် ”
တော်သေးလို့အမတ်သာဖြစ်ရင်တော်တော်ပြောမည့်ကောင်လို့စိတ်ထဲကပြောလိုက်သည်။
“ အေးပါ ကျေးဇူးတင်ပါတယ် မင်းပြောတာတွေလည်းမဆိုးပါဘူး ဦးမှတ်ထားပါ့မည်၊ငါ့တူကိုမေး
လို့ပြီးပါပြီနော်၊မင်းရဲ့အမြင်လည်းပညာရလိုက်ပါတယ်ကွ ” ဦးမောင်မောင်ကပြုံးပြီးပြောလိုက်တော့
“ ဟုတ်ကဲ့ ကျွန်တော့ကိုပြန်ခွင့်ပြုပါ ” ပြောပြောဆိုဆိုမောင်သုတပြန်ထွက်သွားတော့သည်။
အခန်းတခုလုံးခဏတော့တိတ်ပြီးကျန်ရစ်သည်။ပြီးမှအသီးသီးအမည်စါရင်းတွင်မှတ်ချက်ရေးရန်
စာရွက်ကိုကောက်ကိုင်လိုက်ကြသည်။ကျွန်တော်ကတော့ မောင်သုတ၏အမည်ဘေးတွင်
“ ခန့်ထားသင့်သည် ” “ ခန့်ထားရန်မသင့်”နှစ်မျိုးအနက်ဘာကိုရေးရမည်ကိုမပြတ်မသား
နှင့်ငိုင်နေမိတော့သည်။
ကျေးဇူးပြုပြီး စာဖတ်သူလည်းဝိုင်းပြီးအကြံပေးကြည့်ပါလားဗျာ။
                                                                           တတိုင်းမွှေး။  ။21-1-2014မနက်53း0
                                 ကိုယ်တိုင်ရေးကြောင်းတာဝန်ခံပါသည်။









































Tuesday, November 12, 2013

ကိုကိုနော်..ကိုကို

 


    အချစ်  ဆိုသည်မှာ... ဘာညာ   ဆိုပြီး ပညာရှင်တွေက  စာရေးဆရာတွေက
.
ကဗျာဆရာတွေကအမျိုးမျိုး....အဓိပါယ်ထုတ်ကြသည်။ပုံစံပြခိုင်းနှိုင်းကြသည်။
                      
 သူတို့လိုကျွန်တော်လည်းနှိုင်းပြချင်ပါသည်။
         
           တကယ်တော့အချစ်ဆိုသည်မှာ  ချဉ်လွန်းသော  ငံလွန်းသော  စပ်လွန်းသော

ရှေက်သီးသုတ်ပါ ။ ချွေးသံရွှဲရွှဲ မျက်ရည်ဝဲရပေမဲ့  စားပြီးရင်း စားချင်အောင်ကောင်းသည်။

သူများစားတာမြင်ရလျှင်ကိုယ်လည်းစားချင်လာ သည်။   ရှေက်သီးသုတ်ပန်းကန်မြင်ရင်တောင

သွားရည်ကျရသည်ပင်။
                 
ကျွန်တော် ၏  အချစ်အကြောင်းပြောရအောင်.. ကျွန်တော့်   အချစ်ကတော့

အမြဲတန်းကျွန်တော်တို့ကိုဂျောက်  ချနေသည့်   ကောင်မလေး  တစ်ယောက်ပေါ့၊

 သူ့ကြောင့် မကြာခဏကျွန်တော်   အိမ်မှာဆူခံထိသည်။  

 အိမ်မှာ ကျွန်တော်   ပိုက်ဆံညာတောင်းတာတွေသူအမြဲဖေါ်ကောင်လုပ်တတ်သည်။ 

 သူတို့ကျောင်းကကောင်မလေးတွေကိုကျွန်တော်   တို့သွားရစ်တာကိုပင်အိမ်မှာ

အမြဲလာတိုင်ပြောတတ်သည်။

                     ဒါထက်မကသူ့ကျောင်းကကောင်မလေးတွေကို.. ကျွန်တော်  တို့ဆိုး

ကြောင်း၊ရည်းစားများကြောင်း၊လိုက်ဖွထားသည်။မေ့နေလို.မိတ်ဆက်ပေးရဦးမည်။

သူ့နာမည်က `မေနှင်းဖြူ´ ကျွန်တော်   ခြေရင်းအိမ်ကသူ့အကိုနဲ့ ကျွန်တော် ကသူငယ်ချင်း။

သူငယ်ငယ်ထဲက  ကျွန်တော် ကို “ ကိုကို ” လို့ ခေါ်ခဲ့ သည်။ကျွန်တော့အမည်ကိုကိုလွင်မို

သူကအဲလိုခေါ်သည်ထင်။သူ့အကိုရင်း မိုးသက်ကိုကြတော့ ကိုမိုးလို့ ခေါ်ပါသည်။

အဲဒီ မေနှင်းဖြူကတော်တော်လေးမွှေတတ်လို့သူ့ကို “ မွှေနှင်းဖြူ  ” လို့ပင်

အမည်ပြောင်းပေးထားရသည်။သူ့ရဲ့မွှေချက်များထဲကတချို့ကိုကျွန်တော် ပြောပြပါ့မည်။

တစ်နေ့ ကျွန်တော်   အင်တာနက်ထိုင်ချက်နေတုန်းအိမ်ရှေ့က 

 “ကိုကို ရေ..ကိုကို  ”     

သူမအသံကြားတာနဲ့အခန်းထဲကသူတိုင်ချက်ဖွင့်နှိုင်သောအရာမှန်သမျှလိုက်သိမ်းရသည်။

       “ ကိုကို..ဖေဖေ  အကိုမိုး  ကိုထိုးနေလို့  လာဝိုင်းဆွဲပေးပါဦး ”

ကျွန်တော်တော်တော်လေးခေါင်းကြီးသွားသည်။မိုးသက်ကသူ့ကောင်မလေးနဲ့သိပ်အဆင်မပြေ။
       
   ဒီကောင်ညကသူ့ ကောင်မလေးအိမ်မှာမူးပြီးသီချင်းသွားဆိုတာအဖိုးကြီးသိသွားလို့ဖြစ်မှာ

ကျွန်တော်   ကမန်းကတန်းပြေးထွက်လာသည်။သူတို့အိမ်ထဲပြေးဝင်လိုက်တော့ရီရီမောမော

စကားထိုင်ပြောနေတဲ့သားအဖကိုမြင်သည်နဲ့ကျွန်တော်   ချောက်တွန်းခံရပြီမှန်းသိသည်။

ရုတ်တရက်ပြန်လျှင်မကောင်းတတ်လို့စကားထိုင်ပြောနေရပေမည့်စိတ်ကတော့

တော်တော်တိုနေသည်။ခဏနေတော့မိနှင်းစပ်ဖြဲဖြဲ နဲ့ ပြန်ရောက်လာသည်။

           “ ကိုကို....အိမ်မှာကွန်ပြူတာ  ဒီအတိုင်းဖွင့်ထားတာလား ”

         ဟိုက်သေပြီ။ ကျွန်တော် စောစော လိုင်းပေါ်က ကျွန်တော့ကောင်မလေးနှစ်ယောက် နဲ့ထိုင်

အီနေတာ ကို ဒီအတိုင်းတန်းလန်းထားခဲ့မိသည်။ကျွန်တော် နှုတ်ဆက်ပြီးအိမ်ပြန်ပြေးလာရသည်

တော်သေးတယ် မယ်မင်းကြီးမကစက်ကိုမပိတ်သွားလို့   သေသေချာချာကြည့်လိုက်မှ

မျက်လုံးပြာသွားသည်။ဒီကောင်မလေး ကျွန်တော့အစားကောင်မလေးတွေကိုစာတွေ

ပြန်ရေးထားသည်မှာရက်ရက်စက်စက်ပင်။
     
 “ ဒီမှာမမ  လာပြီး မချွဲနေနဲ့  မအီနေပါနဲ့နော် ခင်ဗျားကျုပ်ကိုကြိုက်နေပြီဟုတ်လား...

ကျုပ်ကိုကြိုက်ရင်..နှစ်ရက်အတွင်းလူကြီးစုံရာနဲ့ လာတောင်း လူလိုသူလိုပြောတတ်တဲ့

သူတွေကိုခေါ်ခဲ့နော်  ဦးစားပေးမယ်..ဒါဘဲ..” 
       
   နောက်တစ်ယောက်ကိုကျတော့
       
  “ညီမ...အကို့မိန်းမဗိုက်နာလို့သားဖွားမီးယပ်ကိုလိုက်ပို့ ပေးရမယ် နောက်မှဆက်ပြောမယ်
           
 သားဦးတုံးကလိုဆူခံထိမှာကြောက်လို့  နောက်မှဆက်ပြောမယ်...နော်ညီမ ”

      သွားပြီတစ်လလုံးလုံးအီထားတာတွေသွားကုန်ပြီ။သူ့ အကိုကိုပြောပြတော့ထိုင်ရီနေသည်။

ကိုယ်ကလည်းမတိုင်ရဲပေ။ ဒါကတော့ အွန်လိုင်းမှာမို့ထားပါတော့   ကျွန်တော်  ရုံးမှာ အီစီကရီ

ရိုက်နေသောမန်နေဂျာမလေးအိမ်ကိုလာလည်တဲ့နေ့ တုန်းကလည်း....ကြည့်။

ကျနော်တို့နှစ်ယောက်အိမ်ရှေ့ကဧည့်ခန်းမှာစကားပြောနေတုန်း ကျေးဇူးရှင် မိနှင်းဖြူ

ဇလုံတစ်လုံးကိုပိုက်ပြီးရောက်လာသည်။
      
  “အစားကောင်းရလာလို့ ကိုကို့ ကိုလာကြွေးတာ ဧည့်သည် ရောက်နေတာကိုး

 မမလည်းစားပါလား ....အရမ်းကောင်းတယ်..စားနော်မမ  ကိုကိုလာတူတူစားမယ်..”     
        
  “နေပါစေကွယ်  မမထမင်းစာများထားလို့ မစားတော့ ပါဘူး.”                   
           
   “ငါလည်းမစားတော.ဘူးနေပါစေ....နင်ဘဲစားတော့  ”

  သူကြွေးမှာဘာမှန်းမသိပေမဲ့..မြန်မြန်လစ်အောင်နှစ်ယောက်လုံးငြင်းလိုက်ကြသည်။
         
  သူကမလစ်တဲ့ အပြင်နှစ်ယောက်ကြားမှာခုံဆွဲထိုင်လိုက်သည်။
   
              “ မစားကြလည်းနေလေ  အိမ်မှာဆိုအကိုမိုးကလုစားမှာ...မိနှင်းကတော့ဆွဲပြီ   ”
    
  ဇလုံကိုစားပွဲပေါ်တင်လိုက်တော့ အထဲမှာ  ရှောက်သီးကိုလှီးပြီးငံပြာရေနှင်.ငရုတ်

သီးမှုန့် ကိုနယ်ထားသည်။မြင်ရသည်နှင့် ပင်သွားတွေကြိမ်းလာသည်။  အဲဒီနောက်မိနှင်းဖြူ

ကျနော်တို.နှစ်ယောက်ကြားမှာရှူးရှူးရှဲ ရှဲ နှင့် ထိုင်စားတော့ သည်။ဧည့်သည်တော့မသိ

ကျွန်တော် မနည်းဟန်ဆောင်ပြီးသွားရည်မကျအောင်ထိန်းထားရသည်။

            “ကို ကို မိတ်ဆက်ပေးဦးလေ..ဒီမမ ကလှတယ်နော်....”
  
        “အော်..ဟုတ်သားဘဲ...သူက ကိုယ်တို့ရုံးက  ..သက်သက်ထွေး  တဲ့ ”
   
            “ ဟါ  သိပြီ   သိပြီ  ကို ကို ခဏခဏပြောနေတဲ.့  မမလား  ”
       
              “ အို....ကိုလင်း  က   ဘာတွေပြောလို့လည်း  ”
      
             ကျွန်တော်  တစ်ခါမှလည်း သူ့ ကိုဘာမျှမပြောပြဘူးပါ ။မိုသက်ကတော့ခဏခဏ

           စဘူးတယ်။သည်နံမယ်တော့သူကြာဘူးနိုင်သည်။

    “ ကိုကိုကပြောတယ် မမက နံမယ်နဲ့ လိုက်အောင်သေး ခဏခဏထွက်တယ်
             
           တဲ့  သက်သက်ထွေး ကသေးထွက်ထွက်တဲ့   ..ရီရတယ်..နော်..”
        
           အဲဒီကထဲက မန်နေဂျာမလေး  ကျွန်တော့ကိုစကားမပြောတော့ပေ။

            ထားလိုက်တော့လေ..နောက်တစ်ခါကပိုဆိုးသည်။ဖြစ်ပုံကကျွန်တော်နှင့်မိုးသက်

ဘိလိယက်သွားထိုးရင်းအဲဒီကကောင်တွေနှင့်ရန်ဖြစ်ကြသည်။လက်ထဲကကျူတံတွေနဲ့

ရိုက်ကြနှက်ကြတော့နောက်ဆုံးရပ်ကွက်ရုံးရောက်သွားကြသည်။ဆိုင်ရှင်ကိုတောင်းပန်ပြီး

လျှော်ပေးလိုက်လို့ပြသနာကအေးသွားလို့အချုပ်ထဲသို့မ၀င်လိုက်ရပေ။အိမ်ပြန်လာတော့

မိုးသက်တို့အိမ်ရှေ့မှာမွှေနှင်းဖြူကလက်ကလေးနောက်ပစ်ပြီးခပ်တည်တည်လေးစောင့်နေသည်။

       “ကိုကို နဲ့ ကိုမိုး  ဘိလိယက်ခုံ မှာ ရန်ဖြစ်ကြတယ်ဆို  ”

        “ နင့်ကိုဘယ်သူပြောလည်း မိနှင်း ..”

 ကျွန်တော့ အမေးကိုမဖြေသေးဘဲ..ဆက်ပြီးတော့ပြောပြန်သည်။

 “ အင်းကြားရတာတော့ရပ်ကွက်ရုံးတောင်ရောက်လို့လျှော်ပေးလိုက်ရတယ်တဲ့ ”

  “  ဖေဖေတို့ကောသိသွားပြီလားညီမလေး.. ” ကိုမီုးကအလောတကြီးမေးလိုက်သည်

  “ အန်..ဒါဆိုဒီသတင်းက..အမှန်ဘဲကိုး မပူကြပါနဲ့အခုချိန်ထိတော့မသိကြသေးပါဘူး..”

 “ နင့်စကားက ဘာလည်း...အခုချိန်ထိမသိကြသေးဘူးဆိုတော့..”

 မေနှင်းသက်က...ပြုံးစိစိနှင့်... “ မိသက်ကအခု...ဘယ်အိမ်ကိုအရင်ပြောရင်

ကောင်းမလည်းစဉ်းစားနေတာပါ...ဒါကလည်း.....ဟင်းဟင်း...”

 “ ကဲပြော..မိနှင်း..နင့်ကိုနှုတ်ပိတ်ခဘယ်လောက်ပေးရမလည်း...“

 မိုးသက်ကသူ့ညီမအကြောင်းသိပြီးသားမို့ပိုက်ဆံအိပ်ကိုထုတ်ရင်းမေးလိုက်သည်။

“ အာ...ကိုမိုးကလည်းပြောတာကစိမ်းကားလိုက်တာ...ညီမလေးကို မုန့်ဘိုးပေးတယ်လို့

သဘောထားပေါ့..တစ်ယောက်ကိုတစ်သောင်းလောက်ဆို..အဆင်ပြေပါတယ်...”

“ ကောင်းပြီလေ....မိနှင်း  ရော့တစ်သောင်း နင်ဖေဖေ့ကိုပြောလို့ကတောသေပြီမှတ် ”

“ စိတ်ချ..ကိုမိုး မိနှင်းကိုမိုးအကြောင်းကို...ဖေဖေ့ကို..လုံးဝမတိုင်ဘူးစိတ်ချ ..ကဲကဲ

ကိုကိုကကော...ဘယ်လိုသဘောရလည်း..မိနှင်းကိုမုန့်ဘိုးပေးချင်ဘူးလား..ပြော”

“ ဘာမုန့်ဘိုးလည်း...အေးဒမြတိုက်နေတာ..ရော့...နင်ငါ့အဖေကိုငါ့အကြောင်းတွေ

လာပြီးချွန်လို့ကတော့  မိနှင်းသေပြီသာမှတ်....”       

“စိတ်ချပါကိုကို....ကိုကို့အကြောင်းကို မိနှင်း လုံးဝကိုကိုအိမ်မှာလာမပြောဘူးစိတ်ချ...”

“ဟဟ..ဖုန်းနဲ့လည်းမတိုင်ရဘူးနော်..မိနှင်း နင်ကိုလုံးဝစိတ်ကိုမချတာ ”

            တစ်ကယ်စိတ်မချသည့်အတိုင်းနောက်နေ့တွင်မှာကျွန်တော်တို့ ဆူခံထိတော့သည်။

ဆိုရရင်မိနှင်းကလူလည်ကျသွားသည်။ကျွန်တော့အကြောင်းကို..သူ့အဖေအားပြောပြလိုက်ပြီး

သူ့အကို မိုးသက်အကြောင်းကိုကျွန်တော့် အဖေကိုလာတိုင်လိုက်သည်။

နှစ်ယောက်လုံးနားပူအောင်ဆူခံထိကြသည်။ပြီးတော့မိဘတွေရဲ့လုပ်ငန်းတွေထဲဝင်လုပ်ကြရ

တော့သည်။ဒါပေမည့် မိနှင်းဖြူကိုတော့စိတ်မဆိုးမိကြပေ။သူကပြောသေးသည်၊

 “ ကိုကို တို့ကမိနှင်းကိုကျေးဇူးတင်ရမှာမိနှင်းကြောင့်အလုပ်တွေလည်းရ လခလည်းရတာ

 တကယ်ဆိုလခထုတ်တိုင်း မိနှင်းကိုမုန့်ဘိုးပေးသင့်တာသိလား ”

 “ အောင်မယ် မုန့် ဘိုးတော့မရဘူး ဒါဘဲရမည် ”ကျွန်တော့် ကပြောပြောဆိုဆို

မိနှင်းခေါင်းကိုထုမယ်လို့ပြင်လိုက်တော့ “ ကိုကိုနော်...ကိုကို အနိုင်မကျင့်နဲ့ ”

အသံပြဲနဲ့အော်ပြီးထွက်ပြေးတတ်သည်မှာ သူ့အကျင့်ပင်ဖြစ်သည်။

 “ ကိုကို..ရေ..ကိုကို....အိပ်ပုတ်ကြီး....မထသေးဘူးလား...ထတောလေ..ကိုကို  ”

အလုပ်ပိတ်ရက်မို့  ပေပြီးအိပ်နေသောကျွန်တော့ မှာမိနှင်းအသံကြောင့်တော်တော်လေ

စိတ်ညစ်သွားသည်။မထရင်လည်းဆက်အော်နေမှာမို့လူးလဲထပြီးတံခါးဖွင်ုလိုက်တော့

အိပ်ခန်းရှေ့မှာစပ်ဖြဲဖျြဲနှင့်မိနှင်းကိုတွေ့ရသည်။

 “ ကဲ ပြော မယ်မင်းကြီးမ  ဘာတွေများမွှေဦးမှာလည်း...”

 “ အာ  ...ကိုကိုကလည်းမမွှေပါဘူး...ဖေဖေက စက်ဘီးဝယ်ပေးလို့ ကိုကို့ကို

 လာပြီးသင်ခိုင်းတာ..အန်ကယ်ကိုလည်းပြောပြီးပြီနော်  ကိုကို့ကိုနှိုးဆိုလို့  ”

 ကျွန်တော် သိလိုက်ပြီ၊ဒီကောင်မလေးအပိုင်ချုပ်ပြီးမှလာခြင်းဖြစ်သည်။

 “ ဟုတ်ပါပြီ..မမလေးကျွန်တော်မျိုးမျက်နှာသစ်..ကော်ဖီသောက်ပြီးရင်သင်ပေးမယ်

 အိမ်ရှေ့ကစောင့်နေ  ဟုတ်ပြီလား..”

 “ ဒါမှ...ဒို့ ကိုကိုကွ....ဟေးဟေး ”

 ကလေးတစ်ယောက်လိုအော်ဟစ်ပြေးထွက်သွားသော မိနှင်းက်ုကြည့်ပြီး

 ကျွန်တော်ပြုံးမိသည် စိတ်ထဲမှာလည်းပျော်သွားမိသည်။

 မိနှင်းကိုနီးနီးကပ်ကပ်စက်ဘီးစီးသင်ပေးမှပင်ကျွန်တော် ကလေးလိုထင်နေသော

 မိနှင်း ကလေးမဟုတ်တော့မှန်းသိလာရသည်။ရှေ့ကနေစက်ဘီးကိုခွနင်းနေသောမိနှင်းကို

လဲမကျအောင်  ကျွန်တော် ကနောက်ကနေ ပြီးစက်ဘီးကိုထိမ်းပေးရသည်။မိနှင်းနဲ့

ငယ်ငယ်ထဲကနီးနီးကပ်ကပ်နေခဲ့ပေမဲ့ဒီတကြိမ် ပူးပူးကပ်ကပ်နေရတော့  ကျွန်တော့်

ရင်တွေ ထူးထူးခြာခြား ခုန်လာမိသည်။

 “ ကိုကို နော်  ကိုင်ထားပေး နော်  မလွှတ်လိုက်နဲ့...”

 “ ရပြီ ရပြီ ရဲရဲသာနင်း မိနှင်း....”

 “ ကိုကို ကိုင်ထားပေးနော်.....”

အရှိန်ရလာသောမိနှင်းကိုကျနော်ကသူမသိအောင်စက်ဘီးကိုလွှတ်လိုက်သည်

                    ပထမတော့သူမသိသေးဆက်နင်းနေသေးသည်။နောက်တော့လှည့်ကြည့်ပြီး

 “ အဲ ကိုကို ....မကိုင်ထားဘူး....အား....ကျပြီ....”

   ပြောပြောဆိုဆို...လက်ကိုင်ကခေါက်ပြီးစက်ဘီးလဲသွားသည်။မိနှင်းကတော့မြက်ခင်းပေါ်

ခြေထောက်ကိုလက်နှင့်ဖိပြီးကြုံးပြီးအော်ငိုနေတော့သည်။

 “ ကိုကိုမကောင်းဘူး....အီး....သူများကို သက်သက်လွှတ် ချတယ်...အီး...

 ကိုကိုအကျင့်ပုတ်.....ကိုကိုအကျင့်ယုတ်...မေမေရေ...သမီးခြေထောက်ကျိုးသွားပြီး...အီး

 အကျင့်ပုတ်ကြီး...”

  ကျနော်ပြေးသွားပြီးမိနှင်းခြေထောက်ကိုကြည်မလို့ထိုင်ချလိုက်သည်။မိနှင်း၏

 ဖြူဖွေးနေသောခြေဖမိုးလေးပေါ်တွင်နဲနဲလေးခြစ်သွားသည်သာ..မိနှင်းကသာအကဲပိုပြီး

အော်နေခြင်းဖြစ်သည်။ကျနော်က ခြေထောက်ကိုအသာလေးကိုင်လိုက်တော့...မိနှင်းက

ဆတ်ကနဲ..ဆန့်ထားသောခြေထောက်ကိုကွေးလိုက်ရင်း.....

 “ အီးမကိုင်နဲ့..နာတယ်နာတယ်..” ပြောပြောဆိုဆိုနောက်သို့ရွှေ့လိုက်သည်။

  မူလကဒူးဆစ်နားတွင်ရှိနေသော စကတ်စလေးကလန်သွားသဖြင့်ပေါင်သားအစပ်ဖြူဖြူ

လေး ၀င်းကနဲပေါ်သွားသည်ကျွန်တော့်မျက်နှာတစ်ခုလုံးရှိန်းကနဲထူပူပြီးနားရွက်များထူပူ

လာသဖြင့် မျက်နှာကိုလွှဲထားလိုက်သည်။

  “ ကြည့်ပါလား..သူများနာနေတာကို ၀မ်းသာနေတယ်..စိတ်ပုတ်ကြီး”

သူ့အသံကြောင့်သူ့မျက်နှာကို ကျွန်တော်ကြည့်မိသည်။ဖြူဝင်းနုမွတ်သောအသားပေါ်က

မဲနက်သောမျက်ခုံး၊ရီဝေသေယမျက်ဝန်းတစ်စုံပေါ်ကကော့ညွှတ်နေသောမျက်တောင်

များတဖြတ်ဖြတ်ခတ်နေသည်မှာအသည်းယားစရာကောင်းလောက်အောင်လှနေသည်။

 “ အဲ...ကိုကို....ဘာလို့လူကိုကြည့်နေတာလည်း...”

 သူမအသံကြောင့်ကျွန်တော်သတိပြန်ဝင်လာပြီး..

 “ အာ...နင်တကယ်နာတာဟုတ်ရဲ့လားလို့ကြည့်နေတာ..ပါ ”

  “   တကယ်နာတာပေါ့ ထောက်လို့မနိုင်တော့ဘူး..နာနေတာ”

 မိနှင်းကမျက်နှာလေးငိုမဲ့မဲ့ပြောတော့ကျွန်တော်သနားသွားမိသည်။

 “ ကဲပါ   လာ...ကိုကိုတွဲပြီးလိုက်ပို့ပေးမယ်...”

 ကျွန်တော်ကမိနှင်းကိုကူပြီးတွဲထပေးလိုက်သည်။သူမကကျွန်တော့ပုခုံးကိုအားပြုပြီး

 ထရပ်သော်လည်းကောင်းကောင်းမရပ်နိုင်။

 “မလျှောက်နိုင်ဘူး..ကိုကိုကြောပိုးပြီးလိုက်ပို့ပေး   ”

 “ ဟာ...နင်ကခလေးမှမဟုတ်တာ..စက်ဘီးးနောက်ကလိုက်ခဲ့ငါပြန်ပို့ပေးမယ်”

 “  အောင်မယ်မိနှင်းက ခလေးပါဘဲနော်..”

 ကျွန်တော်သူနှင့်စကားနိုင်မလုတော့ဘဲစက်ဘီးကိုထောင်ပြီးလက်ကိုင်ကိုပြန်

တည့်လိုက်သည်။မိနှင်းကအနောက်မှတက်ထိုင်ပြီးကျွန်တောကနင်းလိုက်တော့

 မိနှင်းလက်တစ်ဖက်ကကျွန်တော့ခါးကိုဖက်ကိုဖက်လာသည်။ယခင်ကလိုမဟုတ်ဘဲ

 ကျွန်တော့ရင်တွေ ခုန်လာမိသည်။သူ့အိမ်ရှေ့ရောက်တော့လည်းသူမကကိုအိမ်ထဲအထိ

တွဲပို့ပေးရသည်။ထိုရက်တွေနောက်ပိုင်းမိနှင်းကိုကျွန်တော်မတွေ့ရ

လေးငါးရက်ကြာသည်အထိကျွန်တော်မိနှင်းတို့အိမ်ဖက်မရောက်ဖြစ်၊ဘာကြောင့်မှန်းမသိ

မိနှင်းကိုတွေ့ချင်သော်လည်းသွားရမှာအရင်ကလိုစိတ်ကမသန့်။

 ဒီမနက်  ကျနော်မိနှင်း  တို.အိမ်ဘက်ထွက်လာတော့ အိမ်ရှေ.ခြံထဲမှာ ငူငူကလေး

ထိုင်နေသော မိနှင်း ကိုတွေ.ရသည်။ခါတိုင်းရွှင်ပြမြူးတူးနေသော  မိနှင်းတစ်ယောက်အခု

လိုပုံစံမျိုး ကျွန်တော် မတွေ့ဘူးလို့    သူ.ဆီဦးတည်သွား လိုက်သည်။ 
        
   “  ကိုကို ...အကိုမိုးဆီလာတာလားမရှိဘူးမေမြို့သွားပြီ  ”
   
   “ ထားပါတော.နင်က ခုဘာဖြစ်နေတာလည်း ငေါင်တောင်တောင်နဲ.့”

 ကျွန်တော့အမေးကိုပြန်မဖြေသေးဘဲကျွန်တော့မျက်နှာကိုစေ့စေ့ပြန်ကြည့်လိုက်သည်။

 ပြီးမှသက်ပြင်းချလိုက်ပြီး..
  
 “ မိနှင်းကို အိမ်ထောင်ချပေးတော့ မယ်တဲ့ ကိုကို ....အဲဒါ  မိနှင်းကြောက်နေတာ  အဲဒီလူက

ပိုက်ဆံလည်းရှိ ချောလည်းချောတော့ မိနှင်းကိုတအားနိုင်မှာ.....မိနှင်းကြောက်တယ်ကိုကို...”

         မိနှင်းစကားကြောင်. ကျွန်တော့ ရင်ထဲမှာဝေဒနာတခုဝင်လာသည်။ဝမ်းနည်းတာ
      
   လား နှမျောတာလား မသိခံစားချက်တခုမှန်းတော့ သိသည်။
         
                  “ နင်ကမကြိုက်    ရင်ငြင်းလိုက်ပေါ့  ”
      
   မိနှင်း ကျွန်တော်.ကိုစကားပြန်မပြော ကျွန်တော့ မျက်နှာကိုငေးကြည့်နေသည်။

 “ လူကြီးတွေကစီစဉ်နေကြပြီလေ.. ကိုကိုရဲ့ ”
  
   ကျွန်တော်  အိမ်ထဲမ၀င်တော့ ဘဲပြန်လာခဲ့သည်။တမနက်လုံး ကျွန်တော့စိတ်တွေ
   
  ဆောက်တည်ရာမရဖြစ်နေသည်။မိနှင်းကိုတကယ်တန်းဆုံးရှုံးရမည်ဆိုကာမှ ကျွန်တော်

 မိနှင်းကိုချစ်မိနေကြောင်းသိလာရသည်။ကျွန်တော်ဘာလုပ်ရမည်မသိဖြစ်နေလေပြီ။

နေ့လည်လောက်မိနှင်းဆီကဖုန်းလာသည
      
           “ ကိုကိုအားလား  အားရင်မိနှင်းကို ကားနဲ.လိုက်ပို့ပါလား....”
            
                     “နင်က ..ဘယ်ကိုသွားမလို့ လည်း ”             
             
                      “ရောက်တော့ သိမှာပေါ့ ကိုကို”
             
ကျွန်တော်  မိနှင်းတို့ အိမ်ဘက်ပြေးထွက်လာတော့သည်။မိနှင်းတစ်ခုခုလုပ်တော့မည်ထင်သည်။

လူကြီးတွေစီမံတာကိုမကြေနပ်လို့ထွက်သွားတော့မှာလားမသိ။

 ထင်သည့်အတိုင်းပင်အိမ်ရှေ့ မှာမေနှင်းကသါးရေအိပ်တစ်လုံးနဲ့ရပ်စောင့် နေသည်။
      
              “နင်မသွား ရဘူးမိနှင်း   ....လာအခုငါနဲ့ လိုက်ခဲ.”

            ကျွန်တော်  မိနှင်းလက်ကိုဆွဲပြီးကျနော့ အိမ်သို့ဆွဲခေါ်လာခဲ့ သည်။ ကျွန်တော့...ခြံရှေ့
            
 ရောက် တော့ မိနှင်းကရပ်လိုက်ပြီး  
        
   “ ဘာတွေလုပ်နေတာလည်း   ကိုကို..မိနှင်းကိုပြောပါဦး  ”  
         
  ကျွန်တော် မိနှင်းကိုကျနော့ဘက်ဆွဲလှည်.ပြီးပုခုံးနှစ်ဘက်ကို  ကိုင်ခါ..
.      
    “ သေသေချာချာနားထောင် မိနှင်း....ကိုယ် လေ  မိနှင်းကိုသိပ်ချစ်တယ်.

.မိနှင်းဘယ်သူ့ကိုမှမယူရဘူး   ကိုယ့် ကိုဘဲ ယူရမယ်  ကိုယ်မိနှင်းကို 

 လက်လွတ်မခံနိုင်လို. ခု ခိုးပြေးလာတာ..”

            မိနှင်းက ကျွန်တော့ ကိုမျက်လုံးလေးပြူးကြောင်ကြောင်နဲ့ ကြည့် နေတုံး
         
  အိမ်ထဲကိုလက်ဆွဲပြီးခေါ်ဝင်လာခဲ့တော့သည်။  ဖေဖေနဲ့ မေမေ ကအံသြပြီးကြည့်
  
           နေကြသည်။ ကျွန်တော် ကဖေဖေ့ ရှေ့မှာ....ခြေစုံရပ်ပြီး....

           “ ဖေဖေ  ကျွန်တော် တို့  နှစ်ယောက် ချစ်နေကြပြီ.... . ကျွန်တော်တို့ ကို
        
          လက်ထပ်ပေးပါ  ..ဒါမှမဟုတ်ရင် ကျွန်တော် တို့ထွက်ပြေးကြမှာ...”

     ဖေဖေကကျွန်တော့စကားကြောင့်နာရှုပ်သွားဟန်တူသည်။

   “ဟဲကောင်..မင်းဘာတွေပြောနေတာလည်း  ”

 “ကျွန်တော် မိနှင်းကိုသိပ်ချစ်တယ်ဖေဖေ.. ကျွန်တော် သူနဲ့မခွဲနိုင်ဘူး ”

       “ဟေ့ကောင် ငကြောင်  မင်းဘာလာကြောင်နေတာလည်း  မင်းတို့ကိုပေးစားမလို့ ညက

ဘဲသူ့ မိဘတွေနဲ့ ပြောထားတာ  မိနှင်းလည်းသိထား ပြီးသားသဘောတူပြီးသား...မင်းကသာ...”

          “ ဟင် ..ဒါဆိုမိနှင်းကဘာလို့  ထွက်ပြေးမှာလည်း...ကိုယ်ကိုမချစ်လို့ လား”

        “အယ်  ဘယ်မှာထွက်ပြေးလို့လည်း  သူငယ်ချင်းဆီကသတိုးသမီး ၀တ်စုံ

သွားယူပြီးဝတ်ကြည့် မလို..၀တ်စုံထည့်မလို.သရေအိပ်ပါယူလာတာ..”

           “  ဒီကောင်မလေးတော.  ငါ လေ....ခေါက်ထည့်လိုက်ရ ”
                                     
                            “ ကို ကို နော်....ကိုကို.......”

                
                       ဆက်လက်ကြိုးစားပါဦးမည် နော်။
                                                      
                                                  တတိုင်းမွှေး။   ။