Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, May 23, 2014

မိုးချစ်သူ

 
မိုးရေ မိုးစက်

မိုးကသက်ဆင်း

လေထက်ညှင်းခို

ကကြိုးလိုလား

မိုးပျို ကစား

မိုးသားမဲပြာ

လေလည်းပါသည်

မိုးမှာတီးခတ်

မိုးသံထပ်လို့

မိုးဇာတ်ကလေးကတော့မည်။

မိုးကိုချစ်သူ

မောင့်သည်းအူနှင့်

တူတူပြေးလွှား

မိုးပြေးကြားက

မိုးများသည့်နေ့

မောင်မမေ့တာ

မိုးငွေ့ဖြူးလာ

မိုးတွေရွာတိုင်းသိပါစေ။

မိုးရေစိုရွှဲ

မောင့်ချစ်သည်းလေး

ချမ်းတုံအေး

ပိုက်ထွေးခဏ

ရင်ခုန်ရ

ခွန်းဟစကား

မဆိုအား

သူ့ပါးကိုယ့်ပါး

ပူးကပ်ထားလျှက်

ဝင်သက်ထွက်သက်

ရောယှက်ထွေးဖြာ

သိလိုက်ပါ၏

ရင်ခုန်မိတာအချစ်လား။

တတိုင်းမွှေး။ ။

Tuesday, May 20, 2014

လထက်သာ

 
အာကာတခွင် မှောင်ရိပ်ဆင်


ကြယ်စင်မလက် လမထွက်


ညနက်မဲမှောင် ငါ့သန်းခေါင်က


လရောင်ထက်သာ လင်းလျှက်ပါလား


မျက်နှာချိုမြ ပြုံးစစနှင့်


နှမငယ်ထွေး ချစ်သူလေးက


ဖေးဖေးမမ နမ်းမ၀မို့


ဘ၀ကိုအပ် သည်းကိုထပ်လို့


မြတ်မြတ်နိုး နိုး ချစ်ပင်ပျိုးချိန်


တိတ်တခိုးပြုံး ပီတိဖုံးတာ


ချစ်ရောင်ဖြာလို့လင်းတာလား။


တတိုင်းမွှေး။ ။

Sunday, May 18, 2014

သာည်မိုး သည်လေ သည်လူတွေနှင့်


 
(၁)

လှိုင်းကလည်းလူး ၀ဲကစူး

လေရူးကတိုက် ညမှောင်မိုက်

ယိမ်းလိုက်ဘသား အော်သံကြား

ပဲ့သမားလည်းပဲ့မပိုင်

လှေထိုးသားလည်းတက်မနိုင်

ရွက်တိုက်လည်းကျိုးဝဲယာတိုး

သည်မိုးသည်လေ သည်လူတွေနှင့်

သည်လှေဘယ်သို့သွားမှာလည်း ။

(၂)

ပဒေသာပင်က လည်း မြေကမပေါက်နိုင်

သူများတွေလိုလည်း ခြေဖျားမထောက်နိုင်

ရောက်နိုင်ပါသော်လည်းတက်က မညီ

ငါတို့ပြည်က ကြမ္မာ မလှ

သည်လိုဘ၀မှာ ထာဝရနေသွားတော့မှာလား ။

(၃)

တိုင်းပြည်ကတော်တော်လေးညှော်နေပြီ

ပျော်နေသူတွေကတော့ ဒုနဲ့ဒေး

နိုင်ငံ့အရေး ကမဆိုင်သလိုနေနေကြ

အစိုးရ ဆိုတာကိုသံပြိုင် အပြစ်တင်

အကြွေးတင် ရှင်ဘုရင်ဆပ်မည်တွေး

သည်တိုင်းပြည်ရှေ့ရေးရင်လေးပါဘိ ။

(၄)

ခေတ်အဆက်ဆက် ဖြစ်ပျက်သမျှအကျည်းတန်

နေရာမှန်ကို လူမှန်မရောက်သေးသမျှ

မကြာခဏ ကျွန်ဖြစ်

နွံနစ်ရတာကိုအသားကျ

အစားမ၀ ခါးမလှ

မတရားသမျှ ခံပေတော့ ။

(၅)

တိုင်းပြည်ကြီးက ကသောင်းကနင်း

ပဲ့ကိုနင်းတော့ ဦးကထောင်

တောကြောင်တွေကအစာဝ

အာဏာပြလို့ကိုယ်ကျိုးရှာ

အမျိုးနဲ့သာသနာကိုမငဲ့ကွက်

ကိုယ့်လက်တွေကိုကိုယ်ဖြတ်ရောင်း

သည်စနစ်ဟောင်းတွေကိုထားခဲ့ ကြပါစို့ ။

(၆)

ပြည့်စုံတဲ့ဘ၀ကိုလိုချင်လျှင်

"တကယ်ဖြစ်ချင်တကယ်လုပ်

အဟုတ်ဖြစ်ရမည်"တဲ့

လိုချင်တာမှန်သမျှ မရရအောင်ကြိုးစား

ဝိရိယလည်းထား ဇွဲလည်းထား

ညဏ်အားလည်းကူစုပေါင်းယူ

သာတူညီမျှ လက်တွဲကြ ။

(၇)

တို့ပိုင်ဆိုင်ထားတဲ့မြေရဲ့တန်ဖိုး

တို့လူမျိုးတွေမသိသမျှ

တို့တစ်တွေတန်ဖိုးကျ ကျနေရတယ်

တို့ခြံမြေတို့တလင်း

တို့အချင်းချင်းလက်ဝါးရိုက်

တို့စိုက်တာတို့စား

အခြားဘယ်သူ့မှအားမထားနှင့် ။

(၈)

သူများပေးတိုင်း အလကားယူ

တစ်ပါးသူဆီမှာဒူးထောက်

တနပ်စားစိတ်တွေဖျောက်လိုက်ပ

ကိုယ့်ကြမ္မာကိုယ့်ဘာသာစီရင်

ကိုယ်မှားတာကိုယ်ပြင်ကြ

ယခင်ကအမှားထပ်မမှားကြေး

ကိုယ့်ဘာသာသတိပေးကြပေါ့ ။

(၉)

သဒ္ဒါလို့ပေး သေဆေးတောင်သောက်

အခုတော့လူမျိုးပါပျောက်လုလု

ကျားကြောက်ရင် ကျားကိုသတ်

ရှင်ကြီးလက်တော့မအပ်နှင့်

အရပ်ကလာကူတာ

ကြည်ဖြူပါလျှင် အရုပ်ကလေးရပေမည့်

မကြည်ဖြူလျှင် ဒုတ်ပေးတတ်တယ်ဗျ ။

(၁၀)

တွဲလက်လည်းခိုင် စိတ်လည်းခိုင်

အပြိုင်ကြိုးစား တို့ရိုးသားမှ

တိုင်းပြည်လည်းလှ လူလည်းဝ

ဘ၀လည်းမြင့် စိတ်လည်းမြင့်နိုင်

အရှုံးတွေထိုင်ပြီးအနိုင်တွေ

(တို့တွေ ) အတူတကွပြုပြင်ကြပါစို့ ။

တတိုင်းမွှေး ။ ။18-05-2014

Saturday, May 10, 2014

အမေ


( သားမေမေ )

ဝမ်းဘိုက်မှာလွယ်

ပူစပ်ပါယ်စား

ရင်ကယ်အော့အန်

စားမမှန်လည်း

သူအံခဲထား

သတ္တိများတွေး

သားကိုမွေးလို့

ပိုက်ထွေးနို့တိုက်

ဂရုစိုက်ခဲ့

ခါးကိုက်ကိုယ်နာ

ဝေဒနာကြား

သေချာယုယ

ပြုံးချိုမြနှင့်

ဘ၀ပီတိ

ဂွမ်းဆီထိလို

သားကိုကြည့်နေ

သားမေမေ။

မမေးလည်းဖြေ

မေးလည်းဖြေလို့

သွန်သင်ခဲ့ပေ သားမေမေ။

မလှလည်းမွေး

လှလည်းမွေးလို့

ချီ-ကြွေး-ချော့-ရိုက်

ဂရုစိုက်ခဲ့ပေ တို့မေမေ။

ဆိုးဆိုးမိုက်မိုက်

မပစ်လိုက်ဘဲ

လှိုက်လှိုက်သည်းသည်း

အချစ်မြဲပေ သားမေမေ။

ရင်ကိုကန်လည်း...သူပြုံးမြဲ

နို့ကိုကိုက်လည်း...သူပြုံးမြဲ

သြော်...သူကသားမေမေဘဲကိုး....။

တတိုင်းမွှေး။

အမေ့အတွက်အမှတ်တရပြန်တင်မိပါသည်။

Sunday, May 4, 2014

သမန်းကျား


 
( ၁ )

ကျားကိုက်ထားတဲ့လက်တွေ

ကျားသေကိုအသက်မသွင်းပဲ

ကျားခံတွင်းထဲက ထွက်ကြရအောင်။

( ၂ )

မှားသွားတယ်....

မှားပြီးသွားပြီ....

အမှားတွေကိုလက်ညှိုးထိုးပြီ

သူလုပ်လို့မှားတာ

သူ့ကြောင့်မှားတာဆိုပြီထိုင်အော်ပြီးအချိန်မကုန်စေနဲ့

တစ်ခုပဲရှိတယ်

အမှားလုပ်တတ်တဲ့သူတွေကို

နောက်ထပ်ပေးမလုပ်မိစေနဲ့ပေါ့။

( ၃ )

လူထက်ကြီးလို့ လူကြီးဖြစ်တဲ့သူတွေ

လူကြီးဖြစ်ရင်လည်း လူ့အသည်းတော့ရှိပါစေ

ကြက်တူရွေးကတော်တော်မယ်ဘော်ကကဲကဲ

အဖြစ်သည်းပြီး လူကြီးကိုမြှောက်ကြ

ဖျက်ဆီးကြတဲ့ အနားပြာတွေကိုလည်းဝိုင်းတားကြပေါ့။

( ၄ )

` ခရိုနီ တွေ ´ ဆိုပြီးဝါးလုံးရှည်နဲ့မရမ်းနဲ့

ဝန်ထမ်းတွေမှာလည်းနှလုံးသားနဲ့ မိသားစု နဲ့

ပြီးတော့ သူတို့မှာတာဝန်တွေနဲ့ပါ ။

ကိုလိုနီတွေရေးခဲ့တဲ့ဥပဒေ

လူမျိုး ခြားတွေလည်းအုပ်ချုပ်သွားသလို

လူမျိုး မခြား တွေလည်း အုပ်ချုပ်နေတဲ့တိုင်းပြည်ပါ

( ၅ )

ဘယ်သူတွေဘာဘဲပြောပြော

ဘယ်သူတွေဘယ်လိုရေးရေး

ကျုပ်တို့ရွာလေးတွေရဲ့သာဓက

မြင်နေရ ကြားနေရတာတင်ပြပါရစေ။

( ၆ )

ကိုလိုနီခေတ် ကျွန်စနစ်မှာ

သူကြီးဖြစ်ကြတာလည်းသူတို့ပါဘဲ။

၁၉၆၂ တော်လှန်ရေးကောင်စီခေတ်

လူကြီးဖြစ်ကြတာလည်း သူတို့ပါဘဲ။

မ ဆ လ ခေတ် ကောင်စီခေတ်

လူကြီးဖြစ်ကြတာလည်း သူတို့ပါဘဲ။

စစ်အုပ်ချုပ်ရေးမှာကျုပ်တို့ရွာ

ရ ၀ တ ဖြစ်တာလည်း သူတို့ပါဘဲ။

ပွင့်လင်းခေတ်ထူး အာရုဏ်ဦးမှာ

ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာလည်းသူတို့ပါဘဲ။

( ၇ )

လူကြီးမျိုး လူကြီးနွယ်

လူကြီး လည်များ ကျေးရွာကျားတွေ

အထက်ဖားအောက်ဖိ သမိုင်းသိတယ်

ငွေရှိကြေးရှိ သြဇာရှိတယ်

အသိနည်းပါး တို့ရွာသားတွေ

ရွာကျားတွေကိုက် ရွာလူမိုက်လက်

ခေတ်အဆက်ဆက် ၀ကွက်အပ်ခဲ့ပြီးပါပြီ။

( ၈ )

ယခုခါလည်း

ရပ်ထဲရွာထဲ ကျေးရွာထဲမှာ

ပိုစတာကိုင် အလံကိုင်ပြ

မျိုးချစ်ပြနဲ့ အားရပါးရ

သဘောကျအောင် ဟောပြတဲ့သူ

စည်းရုံးသူတွေလည်း သူတို့ပါဘဲဗျာ။

( ၉ )

ကျားကိုက်ထားတဲ့လက်တွေ

ကျားသေကိုအသက်မသွင်းပဲ

ကျားခံတွင်းထဲက ထွက်ကြရအောင်ဗျာ။

တတိုင်းမွှေး။

Friday, April 25, 2014

တစ်ယောက်တစ်ကျပ်


 
( တစ်ယောက်တစ်ကျပ် )

နင်လည်းတစ်ကျပ်

ငါလည်းတစ်ကျပ် တဲ့

ပြောခဲ့သမျှကိုအဟုတ်မှတ်ပြီ

လုပ်ဇတ်တွေကိုယုံခဲ့တဲ့

ငါတို့အဘိုးတွေတော့သေကုန်ပြီ။

အခုလည်းပြောပြန်ပြီ

နင်လည်းတစ်ကျပ်

ငါလည်းတစ်ကျပ်တဲံလား

အနာဂတ်မှာအတူတူရပ်ဖို့ရာ

ဂတိတွေလည်းခိုင်မာဖို့လိုမည်နော်။

ရှေးတုန်းက

နင်ကတစ်ကျပ်မက

ငါတို့ကငတ်နေရလို့

ပြည်မနှင့်တောင်တန်း

ရင်ဘောင်တန်းတဲ့စစ်ပွဲတွေ

နင်တို့လည်းသေ

ငါတို့လည်းကြေမွ

မအေးချမ်းတဲ့ဘ၀တွေအတွက်

ဟိုဘက်သည်ဘက်

မှုသားမဖက်

တို့များလက်တွေဖြူစင်ကြရအောင်။

ငါတို့နေတဲ့မြေ

ငါတို့တွေထက်နင်တို့ကပိုချစ်ပြ

အနှစ်တွေကိုရသမျှကလော်စား

အသားများတော့ဝါမြို

ကျန်တဲ့အရိုးကိုမှ လာပစ်မကြွေးနဲ့

တစ်ခြမ်းပဲ့နေတဲ့ယုံကြည်မှု

ပြန်ပေါင်းစုဖို့အရေး

တိုင်းရင်းသားအတွေးများကို

အလေးထားတတ်ဖို့လိုပြီနော်။

တတိုင်းမွှေး။

Wednesday, April 9, 2014

ရင်ခတ်တေး



နေလုံးနီနီ ညနေစောင်း

ချစ်တဲ့အကြောင်းပြောကြတယ်

ပန်းပွင့်ဖြူဝါ ဟိုဒီကြား

ချစ်သူစကားလေးကြားရတယ်

ငွေလသော်တာ ဟိုဒီပုန်း

ချစ်သူအပြုံးလေး တွေ့ရတယ်

လေပြေလေးတွေ ပြေးကာဆော့

ချစ်သူကောက်တော့ ချော့ရတယ်

ကြယ်ကလေးတွေပေါ်တိမ်ရည်ဆမ်း

ချစ်သူ့အနမ်းလေးတမ်းတတယ်

ညငှက်လေးတွေတေးသီကျူး

ချစ်စိတ်ကူးလေးနဲ့မျှော်ရတယ်။

တတိုင်းမွှေး။

မျက်ရည်ကိုသက်သေမလုပ်ဘူး


နင်ကမေ့တတ်တဲ့သူဆိုကောင်းမှ

ဒါမှငါ့နှလုံးသားထဲ နင်ဝင်လာတဲ့တံခါးကိုမမှတ်မိမှာ

သည်အတာမှာပိတောက်မကိုသရဖူပေးလို့

ငုဝါလေးကိုငါထိုင်ချော့နေမိတယ်

နင့်ကိုလောင်းမည့်ရေတစ်ခွက်

ရင်ဘတ်ထဲအေးခဲနေတာသုံးရာသီမတ်တင်းပေါ့

နင်ပြန်မလာတော့ရင်တောင်နှလုံးသားကိုမက်ဆေ့ပို့ပေးပါ

ငါမဖတ်ဘဲသိမ်းထားပါ့မည်။

တစ်ရက်သာသာပန်ခဲ့တဲ့ပိတောက်တစ်ခက်ကတော့

မျက်ရည်စက်လက်နှင့်ရေထဲခုန်ချသွားပြီ

ရာသီအစမှာမတွေ့ရပေမည့်ရာသီအဆုံးမှာ

` အလွမ်း ´ တွေအစွမ်းပြနေတယ်

ငါရေးခဲ့တဲ့ ကဗျာတွေကိုတရားခံပြသက်သေအဖြစ်

ရုံးတော်ကိုဦးတိုက်လျှောက်ထားတယ်

`Yes I Do ´ လို့နင်ပြောတဲ့နေ့

နင့်အရှေ့မှာငါဒူးထောက်ပါ့မယ်နော်။

တတိုင်းမွှေး။ ။

Friday, March 14, 2014

အမှတ်မဲ့




လူပျင်းတွေများတဲ့နေရာ

လူညာတွေပေါတဲ့အရပ်

လူတတ်တွေ ငုပ်တုတ်ငိုင်

လူ့မလိုင်တွေအာဏာရ

လူ့ဗာလတွေလက်ညိုးထောင်

သီလကြောင်တွေသြဇာတက်

မှူးမတ်ဖျက်တော့ မွဲတန်းဝင်

ဘုရင်ကြွေးတင် ပြည်သူဆပ်

ငတ်ခဲ့တာလည်းမမှတ်

သတ်ခဲ့တာလည်း မမှတ်

ဘ၀တွေကလူဖြစ်မနပ်။

တတိုင်းမွှေး။

Saturday, March 8, 2014

ရင်သက်ကြွေတဲ့ အလွမ်း








ချစ်သူ...

နင်သိပ်မခံစားနေပါနဲ့

အမှန်တော့နင်ငါ့ကိုမုန်းသွားတာမဟုတ်ပါဘူး

ငါ ကိုယ်တိုင်ကိုက နင်ချစ်အောင်မနေတတ်ခဲ့တာပါ။

နွယ်မြက်သစ်ပင်ကိုဆေးဘက်ဝင်စေချင်တဲ့နင်

ပေါက်ကရလေးဆယ်နဲ့ရွာရိုးကိုးပေါက်ဖြစ်သလိုလျောက်တဲ့ငါ

ဘာဘာညာညာ မတွေးမိနှလုံးသားချင်းညိမိခဲ့တာ

သောကတွေကိုပင့်သက်နဲ့ချီပြီးနင်မြိုမြိုချနေကြ

မြင့်မြတ်တဲ့ဘ၀အမှန်ကိုနင်ကြိုးဆွဲပြီးခေါ်တာ

မပျော်လို့ငါမလိုက်တာမဟုတ် ဘူးယုံပါ

ငယ်ဘ၀ထဲကအတူတွဲ ပြိုလဲလုနေတဲ့ငတ်ဖေါ်သေဖက်တွေကို

ပုဝါလည်းကူရေလည်းတိုက်

သူတို့ထိုက်နဲကသူတို့ကံပြစ်ထားခဲ့ရန်လည်းမလွန်ဆန်နိုင်တော့........။

ကျွဲကိုစောင်းတီးပြချင်တဲ့သခင်

ငါ့ထက်နင်ပိုမိုက်

အမှောင်ကြိုက်တဲ့သူကို မကြာခဏကျည်ထောက်စွပ်

မလွပ်လပ်တဲ့ ဘ၀တွေအကြား

အချစ်ဆိုတာကို ဦးစားမပေးဖြစ်ခဲ့တာပါ

ရင်ထဲမှာကကြေမွနေတဲ.အသဲနှလုံးလေးနဲ့

ဟန်ဆောင်အပြုံးတွေသုတ်လိမ်းထားတဲ့ငါ့ကဗျာတွေအောက်

မင်းပျော်အောင်ပြောခဲ့တဲ့ပျက်လုံးတွေအနောက်မှာ

ငိုနေတဲ့ငါ ။

ကြင်နာနေရင်းမိုးချုပ်ခဲ့ပြီး

ရင်နာနေရင်းမိုးလင်းမိပါတယ်

ချစ်သူရယ်

ခဏလေးဖြစ်ဖြစ် ငါတို့ချစ်ခဲ့ရတာ

နင်ပျော်ခဲ့ရတယ်ဆိုရလျှင်

ငါ့ရင်တွေ ကြေကွဲနာရတာတန်ပါတယ်ချစ်သူ

ဝေဒနာမပါတဲ့ ကဗျာတွေတွေးပြီး

ချစ်စရာကဗျာလေးတွေအမြဲရေးတဲ့ငါ

အခုတော့ကဗျာလေးတွေလည်း

ငါ့ကိုအချစ်ဆိုတာတွေးခွင့်ရပ်စဲလိုက်ပြီ

တတိယမြောက်ပိတောက်ပွင့်တဲ့ရာသီရောက်မှ

ကြွေကျလို့မြေခသွားတဲ့ နှလုံးသားလေးရဲ့ဈာပန

ပိတောက်ပန်းခွေလာချလှည့်ပါချစ်သူရယ်။

ချစ်သူ...

နင်သိပ်မခံစားနေပါနဲ့

အမှန်တော့နင်ငါ့ကိုမုန်းသွားတာမဟုတ်ပါဘူး

ငါ ကိုယ်တိုင်ကိုက နင်ချစ်အောင်မနေတတ်ခဲ့တာပါ။

ဟိုယခင်ရက်တွေထဲက အသဲကျွမ်းခဲ့တဲ့ငါ

ရင်သက်ကြွေတဲ့အလွမ်းကဗျာလေး

ထာဝရလက်ဆောင်ပေးခဲ့ပါတယ်နော်......။

တတိုင်းမွှေး။ ။

Thursday, March 6, 2014

ကိုယ်တို့ပိုင်တဲ့ ရေ





ကိုယ့်တိုင်းကိုယ့်ပြည်မှာ

ကိုယ်မြေကိုကိုယ်ပိုင်

ကိုယ့်ရေဆိုလည်းကိုယ်သာဆိုင်ရမှာပေါ့

ကိုယ်မြေပေါ်မှာကိုယ်မတတ်ခဲ့လို့

ကိုယ်တို့တွေငတ်ခဲ့ပြီးမှ

ဘယ်သူတွေက

ကိုယ်တို့ရေ ကိုလာဖြတ်ကြဦးမှာလည်းနော်.....။

ကိုယ့် အလုပ် ကိုယ်လုပ်

ကိုယ့်အထုပ်ကိုယ်ထမ်း

ကိုယ့်လမ်း ကိုယ်သွား

ကိုယ့်စကား ကိုယ်တာဝန်ယူ

ကိုယ့်အပူကိုယ် ရှင်း

ကိုယ့်ထမင်း ကိုယ်ရှာ

ကိုယ့်ကြမ္မာကိုယ်စီရင်ပြီး

ကိုယ့်ပလ္လင် ကိုယ်ထိုင်

ကိုယ်ပိုင်တာတွေ ကိုယ်တိုင်သုံးကြမည်ဟေ့။

တတိုင်းမွှေး။
 

Wednesday, February 19, 2014

လင်ရွေးနည်း

၁။ ။မျိုးဇာတ်အယူ တူမတူ လူကိုသေချာရွေး ၂။ ။အကျင့်ကောင်း၏ မကောင်း၏ သတိရှိလို့ရွေး ၃။ ။အမျိုးစင်ကြယ် မစင်ကြယ် အနွယ်သိအောင်ရွေး ၄။ ။ပညာတတ်ထား မတတ်ထား စဉ်းစားလို့သာရွေး ၅။ ။ဒေါသအမျက် ထွက်မထွက် အချက်သိအောင်ရွေး ၆။ ။ရဲစွမ်းသတ္တိ ရှိမရှိ သိအောင်စုံစမ်းရွေး ၇။ ။ ရောဂါကင်းသည် မကင်းသည် ရှင်းရှင်းသိအောင်ရွေး ၈။ ။သဘောထားကြီး၏ မကြီး၏ အပြီးသိအောင်ရွေး ၉။ ။မေတ္တာစစ်စစ် မစစ်စစ် အချစ်စစ်ကိုရွေး ၁၀။ ။အပျော်လိုက်စား မလိုက်စား အများကိုမေး သိအောင်ရွေး။ အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်၏ ` မောင်မှူးပြဇာတ် ´မှထုတ်နှုတ်တင်ပြပါသည်။ တတိုင်းမွှေး။ ။

Saturday, February 8, 2014

မင်းပါဘဲ

ချစ်သူ
  နှလုံးသားလေးဖြူဖြူနှင့်
အတူတူဖြတ်သန်းတဲ့ကာလမှာ
အရွယ်ရလာတဲ့ သံယောဇဉ်က
ခဏခဏ အမိန်ပေး
နှလုံးသားလေးအရောင်ပြောင်း
ချစ်သူအကြောင်းကိုကောင်းကောင်းတွေးတတ်ပြီ။

ချစ်သူ
ကိုယ်ပေးလို့မင်းမယူ
မင်းမပေးးလို့ကိုယ်မရ တဲ့ အချစ်
ဒေါသလည်းဖြစ်ခွင့် မရ
တစစနှင့်သောကတွေကပို
မနာလို တာကသိပ်ချစ်လို့ထင်တယ်
စာနာတတ်မည်ဆို မင်းနားလည်မှာပါ။

ချစ်သူ
မင်းရှေ့မှာဒူးထောက်
ရင်ကိုဖေါက်ပြီးပေးတဲ့နှလုံးသားလေး
ဖွဖွလေးတော့ကိုင်သင့်တယ်
ပိုင်ဆိုင်ခွင့်မပေးလည်းနေလို့ရပါတယ်
ခြေဆေးဖို့ ညှစ်ချ တစ်စက်စက်ကျတဲ့နှလုံးသွေး
အမုန်းကလေးနဲ့တစိမ့်စိမ့်ကြည့်
ရွေးချယ်၈ရာမရှိ တဲ့အဆုံးသတ်မှာ
 အပြုံးမပါတော့တာသေချာပြီလားနော်။

ချစ်သူ
မမြင်လည်းချစ်မြင်လည်းချစ်
မမုန်းလည်းချစ်မုန်းလည်းချစ်
မပြုံးလည်းချစ်ပြုံးလည်းချစ်
နေ့မှာလည်းချစ် ညလည်းချစ်
နေ့ညချစ်တတ်စွဲလန်းတတ်အောင်
မာယာဆောင်သလား၊မင်းပြုစားရက်လားနော်။

ချစ်သူ
ရှိစုမဲ့စုသိက္ခာလေး
မင်းအတွက်စတေးပေးလိုက်တယ်
အဝေးကိုမသွားချင်တဲ့ဆန္ဒ
တမ်းတလို့စွဲမက်
မခွဲရက်လို့ လိုက်ကပ်
အချစ်ငတ်တာကိုမကျေနပ်မှတော့
မျက်တောင်တခတ်အသေသတ်ဖို့
အမုန်းတချို့ပို့လိုက်ပါလားနော်

ချစ်သူ
အပြစ်လို့ထင်သလား
အပြစ်တွေများတဲ့သူလို့မှတ်လိုက်ပါ
အချစ်လို့ ထင်သလား
အချစ်တွေများတဲ့သူလို့မှတ်လိုက်ပါ
အပြစ်ပေးတာလည်းမင်းပါဘဲ
အချစ်ပေးတာလည်းမင်းပါဘဲ။
           တတ။


Tuesday, February 4, 2014

ရပ်တတ်ဖို့ လိုပါသည်


 
 
ဝမ်းသာပါတယ်သူငယ်ချင်း

ငါ့သူငယ်ချင်းတစ်ယောက်

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် နိုင်ပြီဆိုလို့ပါ

ရပ်နေပါသူငယ်ချင်း

မြဲမြဲ နှင့် မတ်မတ်လေး ထာဝရရပ်နေပေးပါ

ခြေဖ၀ါးအစုံကိုမြေသားနှင့်ထိပြီး

သတိလေးနဲ့ရပ်နေပေးပါ

အဲသည်လိုဆိုရင်တော့

ကြာကြာလေးရပ်နိုင်မှာပါ

လုပ်ပိုင်ခွင့်တွေနဲ့မာနမောက်

ခြေဖျားထောက်ပြီးတော့မရပ်မိစေနှင့်

မင်းကြာကြာရပ်နိုင်မှာမဟုတ်ဘူး

ပြီးတော့ ခေါင်းကိုငုံ့ပြီးအောက်ကိုကြည့်

ထိထိမိမိလေးဆန်းစစ်ပေး

မင်းမျက်လုံးမှာ ဂရုဏာတွေပါပါစေ

ခေါင်းကိုမော့ပြီး အပေါ်ကိုမကြည့်မိစေနှင့်

မင်းမသိတဲ့တိမ်တွေကြောင့်သောကရောက်တတ်တယ်

သည်လောကကြီးမှာ

ရပ်တတ်ဖို့လိုတယ်

မရပ်တတ်လျှင်

မင်းကိုလောကကြီးက ရပ်လိုက်မည်။

တတိုင်းမွှေး။

မျက်ရည်ဥတဲ့ အလွမ်းဌက်



ချစ်သူ

ချစ်သူပြောတာမှန်တယ်

ငါကလူမဟုတ်ဘူး

ငါက ငှက်တစ်ကောင်

မီးတောင်တွေကိုမျိုချပြီး

ရင်ဘတ်ကြီးကို အပူပေးတဲ့ငှက်

တပ်မက်မှုကို လက်မှာဆုပ်

နောင်တကိုလှေခါးလုပ်တဲ့ငှက်

မြတ်နိုးမှု ရင်မှာပိုက်

မှောင်မိုက်မှာအိပ်မက်မက်တဲ့ငှက်

အဖက်ဖက်ကအရှုံးပေ

အမုန်းဆေးကိုအ၀သောက်တဲ့ငှက်

ချစ်တတ်တာတစ်ခုအတွက်

မာန ကိုမြေပေါ်မှာရေးပြဈေးချတဲ့ငှက်

နှလုံးသားဈေးကွက်မှာဆူညံ

သွေးပွက်ပွက်အန်အောင်အော်ပြတဲ့ငှက်

ချစ်သူရဲ့လှပတဲ့အဆင်း

ကဗျာအတွင်းမှာဖျော်စပ်တဲ့ငှက်

အပြုံးတစ်ခုနဲ့ပြုစားတာကိုခ

မုသားအသံကိုအမှန်ထင်တဲ့ငှက်

ချစ်တဲ့သူအတွက်သံချိုတေး

နှလုံးသားလေးနဲ့တီးခတ်ပေးတဲ့ငှက်

နေ့စဉ်ရက်ဆက်မပျက်ကွက်

အချစ်ကိုအချစ်လို ချစ်တဲ့ငှက်

အခုတော့ သည်ငှက်ကလေး

ပက်လက်ကလေး ငိုနေတယ်

ချစ်သူပြောတာမှန်တယ်

ငါကလူမဟုတ်ဘူး

ငါက ငှက်တစ်ကောင်

အမှန်တော့ ငါက

လွမ်းနေရတာနေ့စဉ်ရက်ဆက်

မျက်ရည်ဥတဲ့ အလွမ်းငှက်။

တတိုင်းမွှေး။

ဟန်


ငြိမ်ငြိမ်လေးငုတ်တုပ်ထိုင်နေတာ

မယိုင်လျှင်ယိုင်အောင်လာလာနဲ့နေကြ၊

မခိုင်တဲ့ဘ၀မှာရှိတာကမာန

အစထဲက ကိုယ့်လှေကိုယ်ထိုးနေတာ

အရိုးတောင်တော်တော်မာနေမှ

ဖွတ်ထွက်ပြတာကတောင်ပို့မှန်းသိစေချင်လို့ပါ

ကောင်းစေချင်တယ်ဆိုတဲ့ဆောင်ပုဒ်ကိုကိုင်

အညတရရေအိုင်ကိုလာလာမနှောင့်ကြပါနဲ့

အနယ်များလို့ရေမကြည်တာ

အချိန်ဆိုတာကဆုံးဖြတ်ပေးလိမ့်မည်။

သောက်ရန်မသင့်လို့ထင်သလား

သုံးဖို့လောက်တော့စဉ်းစားပေ

ခြေတော့မဆေးသင့်ဘူးထင်ပါတယ်

ပိန်းကောက ဦးထောင်ကျောက်ဆောင်နဲ့မတိုက်မချင်း

ခေါင်းပေါ်ကဖြတ်နင်းခွင့်ပေးထားတယ်

အလျှားမကျယ်ပဲ အနံကိုလိုက်ချဲ့

တိုက်တဲ့ပွဲတိုင်းတော့ဘယ်သူမှမနိုင်ပါဘူး

မြစ်လောက်မကျယ်လည်းချောင်းထဲမှာလည်းရေရှိတယ်

ရေကိုရေမှန်းသိလျှင် ရေလိုဘဲကြည့်ပေးပါ

ရေဆိုတာလူတကာအတွက်အသုံးတဲ့မှာပါ

အိုင်တွေ့တိုင်းခြေမဆေးမိမှရေတန်ဘိုးကိုသိမည်နော်။

လူညီလို့ ဤကိုကျွဲလို့ဖတ်လျှင်

မင်းလည်းမမှန်မင်းဟန်လည်းပျောက်

ကျွဲအုပ်ထဲရောက်နေတတ်တယ်နော်။

အသံမညီ၊နရီမမှန်

ကာရန်မပါ၊လင်္ကာမတွေး

ရင်ထဲကတိုင်းရေးလိုက်မိပြန်ပြီ။

တတိုင်းမွှေး။ ။

Sunday, January 12, 2014

အနှစ်



နှစ်သစ်ကို...ကြိုနေကြလို့


နှစ်ဟောင်းလည်း မျက်နှာအိုအိုနဲ့ထွက်သွားပြီပေါ့



ကောင်းတာကော မကောင်းတာကောချန်ရစ်ခဲ့တာကဗလပွ


မှန်သည်မမှန်သည် တော့ဘယ်သူသေသေခြာခြာသိလို့လည်း

သိက္ခာရှိတဲ့သူတွေကော မရှိတဲ့သူတွေကော

သစ္စာရှိတဲ့ သူတွေကောမရှိတဲ့သူတွေကော

သမိုင်းကြောင်းကောင်းသူကော မကောင်းသူကော

ခေါင်းပေါင်းပေါင်းဖို့ ပြင်ဆင်ကြလေပြီ

ရောရောနှောနှောနဲ့အပြောသမားတွေလည်းအိပ်ရာကထလာတယ်

တိုင်းပြည်နှင့်မြစ်ချောင်းတွေမကောဖို့တော့လိုမည်ထင်တယ်

အပေါ်ကလုပ်လို့ အောက်မှာရှုပ်တယ်

အောက်မှာမလုပ်လို့အပေါ်မှာရှုပ်တယ်

ရှုပ်တာတော့တော်တော်ရှုပ်နေတာကြာပြီနော်

မယုတ်မာကြလျှင်ရှင်းလို့ရကြမှာပါ

ရှေ့ကလူတွေမကောင်းဘူးအော်နေကြတာ

နောက်လူကောကောင်းအောင်လုပ်မှာလား

လုပ်ကောလုပ်တတ်မှာလား

ရလျှင်အမြတ် မရလျှင်အရင်းဆိုပြီး

ပိုစတာတွေရင်းပြီးနားမရောင်မိစေနဲ့

“ အများအတွက် ”ဆိုတဲ့ခေါင်းစဉ်အနောက်မှ

“ကစားကွက် ”ကောင်းတဲ့ကျားတွေ ချောင်းနေတယ်နော်

ပေးတိုင်းယူ ကြွေးတိုင်းစား

အချေးအငှားတွေလည်းသတိမထားလျှင်

တို့မိခင်အတွက်အဖေများနေမည်နော်

ဘာသာနှင့်သာသနာကိုမစော်ကားအောင်လည်းကာကွယ်

မာယာကြွယ်တဲ့သူတွေရဲ့ခုတုံးလည်းမဖြစ်စေနဲ့

အလိမ္မာစာမှာရှိတယ်ဆိုတာထက်

လိမ်တာညာတာတွေ စာတွေထဲမှာပါလာတတ်တာလည်းဆင်ခြင်ပေါ့

ဘာဘဲဖြစ်ဖြစ်

သည်နှစ်တွေမှာယခင်နှစ်တွေလို

နွံထဲမှာအနှစ်မခံရဘဲ

အနှစ်သာရကောင်းကောင်းနဲ့စံရလျှင်ကောင်းမည်နော်။

တတိုင်းမွှေး။

Friday, January 3, 2014

စိမ့်



မျက်းဝန်းထက်ကို
ရေတွေခို
ချစ်ကိုတမ်းတရှိုက်မိသည်။
မလွမ်းတတ်လည်း
မျက်ရည်ဝဲ

အသည်းထဲကတမ်းတမည်။

နှလုံးသားအတွင်းပိုင်းက
ပြင်းထန်တဲ့တုန်ခါမှုကြောင်
ရင်ခွင်တစ်လျှောက်မှာ
မီးဟုန်းဟုန်းတောက်သွားပြီ
ပျောက်ကွယ်ပြီးမျိုးတုန်းလုလု
သိမ်းကြုံးစုထားတဲ့ အကြင်နာ ရွက်ကြွေတောလေး
ဝေဒနာအတွေးကြောင့်လောင်မြိုက်ကုန်ပါပြီ
အမှောင်ကြိုက်တဲ့ရှိုက်သံတွေက တွဲလွဲခို
မျက်ဝန်းမှာလည်းရေတွေ စို
သူ့အလိုလိုအဆပွားကြတယ်နော်
စီးကျပြီးမသွားအောင်အားတင်းလို့ထိမ်းကူ
ပါးပြင်ပူပူမှာတစ်ချို့ကခမ်းခြောက်
တစ်ချို့ကမေးဖျားအောက်မှာရည်းလေးခို
အလျှိုလျှိုကြွေကာကျ
မာနကအဆစ်ပါသွားသေး
ပစ်ခွားပြေးတဲ့သူကတော့သိချင်မှသိမယ်
အချစ် ဆိုတာအပိုင်ပေးမိမှ
မှိုင်ငေးပြီးကြည့်နေရတာတန်ပါတယ်....
တစ်ရံတစ်ခါကအပျော်တွေကိုတမ်းတ
မှန်းဆလို့မရတဲ့ ရင်ခုန်ဖက် ရယ်
တမင်မယုံရက်တော့ ခွဲခါ
အသည်းမာသူနင့်အတွက်
ဘ၀အဆက်ဆက်လွမ်းမည်နော်။
မျက်းဝန်းထက်ကို
ရေတွေခို
ချစ်ကိုတမ်းတရှိုက်မိသည်။
                                                                                  တတိုင်းမွှေး။

လွန်း

ယက်ကန်းခတ်သံ

ဒေါက်ဒေါက်ညံ

လွန်း ကလေးငိုသံကြားရသည်။

အရှေ့ကရိုက်တော့အနောက်ကိုရောက်

ရောက်တော့တဖန် ခေါင်းရိုက်ခံရတယ်။

အနောက်ကရိုက်တော့အရှေ့ကိုရောက်

ရောက်တော့တဖန် ခေါင်းရိုက်ခံရတယ်။

အရှေ့အနောက် ခေါင်းရိုက်ခံ

ဝမ်းထဲ မှာလည်း ချည်ကမကျန်

မတွန်းလှန် နှိုင်တဲ့ လွန်းကလေး။

ယက်ကန်းခတ်သံ

ဒေါက်ဒေါက်ညံ

လွန်း ကလေးငိုသံကြားရသည်။

တတိုင်းမွှေး။

Sunday, December 22, 2013

ငိုအောင်မလုပ်နဲ့








လွမ်းရိပ်လည်းပို

နေလည်းညိုပြီ

ငါ့ကိုငိုအောင်မလုပ်ပါနဲ့....။

အသည်းနုနုချစ်တာစုပြီး

ယုယတာလေးကြင်နာပေးပါ

အတွေးထဲမှာအမြဲလာပါ

လသာလည်းလွမ်းမှောင်လည်းလွမ်းတယ်

လေတိုက်လည်းလွမ်းချမ်းလည်းလွမ်းတယ်

နားချိန်လည်းလွမ်းမောလည်းလွမ်းတယ်

ကဗျာနဲ့လွမ်းဖုန်းနဲ့လွမ်းတယ်

အလွမ်းများစွာ လွမ်းနေတာများ

သိရဲ့သားနှင့် စကားပြောလာ

မသိတာလား သိတာလားနော်

ချစ်တာတစ်ကယ်လား..ဟုတ်ရဲ့လားတဲ့

လူကဲ့ရဲ့အောင်မေးနေတယ်..

ချစ်တာသည်းတုံ..ချစ်ကမယုံ

ယုံအောင်ငိုပြလိုက်တော့မည်။

လွမ်းရိပ်လည်းပို

နေလည်းညိုပြီ

ငါ့ကိုငိုအောင်မလုပ်ပါနဲ့....။


                                                                 တတိုင်းမွှေး။