Thursday, July 25, 2013
Tuesday, July 16, 2013
ကျနော့အမည်..တတိုင်းမွှေး
ဗိုက်လေးလည်းပူ..ချက်ကစူ
ထူထူ နန..အတတ
မရမကအလှပြင်
မင်းသားလေးလိုဟန်ဆောင်ခြင်
ဆိုက်လေးများတွင်..၀င်ရှုပ်သေး
ကဗျာလည်းတွေး..စာလည်းရေး
ကလေးသာသာ..အရေးခြာ
သင်ပါပြပါ..အားပေးပါ..
အွန်လိုင်းကမ္ဘာ..ရောက်ဖူးသေး
ဟိုငေး..ဒီငေး..အကုန်ငေး
ဟိုမေးဒီမေး......အားမနာ
ဖြေပေးကြပါ...သီးခံပါ
သိတာ..မြင်တာ...ချရေးတာ
ရံဖန်ရံခါ...အမှားပါ
ခွင့်လွှတ်ဖတ်ခါ..ကော့မက်ရေး
ဘ၀င်ထိအောင်...ပျော်မိသေး
စီးပွားရေးက...မကောင်းပါ
ညပိုင်းဆိုရင်..အလုပ်မှာ
အလုပ်တစ်ဖက်..အွန်လိုင်းတက်
အလုပ်ရှင်က..ဒေါသထွက်
သောကဖက်လို့..အကြွေးများ
လကုန်ရက်ဆို....ဘဲဥစား
လဆန်းရက်တော့..ငွေလေးရွှင်
ဘီယာ ဆိုင်ဘက်..ခြေလှမ်းပြင်
လလည်တွင်တော့...ထန်းရည်သောက်
ကန်သင်းရိုးမှာမူးလို့မှောက်
ညဖက်ရောက်တော့..တမျိုးလို
သူတို့ပြောတဲ့ဆေးလိပ်တို
ခောတ်လူပျိုမို့...ထင်ပါသည်
အွန်လိုင်းပေါ်မှာ..လိုက်လို့အီ
လှသည်..မွမည်..ကော့မက်ပေး
ခင်လို့မင်လို့ မှတ်ယူပေး
ရည်းစားကလေး..ထားမည်ကြံ
ဆန်ဈေး ဆီဈေး တက်လာပြန်
ပက်လက်လှန်လို့မှိုင်ကာဆွေး
ဘိုင်ကောင်ကလေး...တတိုင်းမွှေး။
မကောင်းလည်းဖတ်ကောင်းလည်းဖတ်
မတတ်လည်းရေး တတ်လည်းရေးး
ကျနော့အမည်......တတိုင်းမွှေး။
တတိုင်းမွှေး ။ 16-7-2013
Saturday, July 6, 2013
အမေ့နားကပ်လေး...
“ ဦးသာဓု ၀င်လို့ရပါပြီ ”
သူနာပြုဆရာမလေးကလှမ်းခေါ်လိုက်၍
ကျနော်ဖြေးဖြေးထလိုက်ပြီးဆရာဝန်အခန်းထဲသိုဒုတ်ကောက် လေးကိုအားပြုပြီး
ဝင်သွားလိုက်ပါသည်။အထဲရောက်တော့သူနာပြုလေးတစ်ယောက်ကတွဲပြီး
စမ်းသပ်တဲ့ကုတင်လေးပေါ်မှာပေးပြီးလှဲစေပါသည်။
ဆရာဝန်မလေးတစ်ဦးကတော့ဆေးဘီရိုလေးရှေ့မှာ ကျနော်တို့ကိုကျောပေးပြီး
အလုပ်လုပ်နေပါသည်။
“ ဦးလေးကဘာဖြစ်တာလည်း ”
ဆရာဝန်မလေးကကျနော့်ကိုလှမ်းမေးရင်းအနားရောက်လာပါသည်။ပြီးတော့
နားကျပ်နှင့်ကျနော့ကိုစမ်းသပ်ပါသည်။
“ အခုတလောခေါင်းကိုက်ကိုက်နေလို့ပါ..တူမလေး”
”ဟုတ်ကဲ့ ကျွန်မ သွေးပေါင်တိုင်းပေးမယ်နော်......အော်ဦးလေးက..ဦးသာဓုနော်
ဟိုလေ..မော်လမြိုင်က ဘဘဦးသာဓုလားလို့ အန်တီအေး အမျိုးသားလေ....”
“ ဟေ....ဟုတ်တယ်လေ....ငါ့သိလို့လား ”
“ ဟယ်..တကယ်ဘဲ..ဘဘနော်..သေချာကြည့်ပါလား...´
ကျနော်သေသေချာချာကြည့်တယ်... မမှတ်မိ
``အယ်...ဘဘ..တကယ်မမှတိမိဘူး ´´
`` အေးဟ.....ဘယ်သူများလည်းသမီးက. ´´
`` တာကြီးလေ...ဘဘ ရဲ့ ဘဘအိမ်မှာတစ်ချိန်လုံးစာကျက်နေခဲ့တာ ´´
သည်တော့မှကျနော်မှတ်မိလာခဲ့သည်။
`` ဒါဆို...နင်က သီတာ...ပေါ့နော်..ကြီးလာလိုက်တာ....´´
ကျနော့ စိတ်ထဲက သူ့င်္ညီမလေး မေသော်တာကို မေးချင်ပေမည့်လည်းမမေးတော့ပေ။
`` ဘဘကဘာမှမဖြစ်ဘူး သွေးပေါင်နဲနဲတက်နေတာ အစားနဲနဲ ချိန်လိုက်ရင်
ကောင်းသွားမှာ...သမီးဆေးတစ်ပတ်စာတော့ ပေးလိုက်မယ် ဒါပေမဲ့
မနက်ဖြန်တော့ လာပြနော်... ဒီမှာသမီးဖုန်းနံပါတ် ဘဘလိပ်စာပေးခဲ့
သမီးပိတ်ရက်လာလည်မယ် အန်တီအေးနဲ့လည်းတွေ့ချင်သေးတယ် ´´
`` အေးပါကွယ်...ဒါနဲ့ဆေးဖိုး က........´´
`` ရပါပြီဘဘ ရဲ့ ဆေးဖိုး ကော ၀ါးခရော သမီးရှင်းလိုက်ပါ့မယ်..ဘဘကို
ပြန်ပြီးကျေးဇူးဆပ်စရာတွေရှိပါသေးတယ်နော်...ထားလိုက်ပါ..´´
ကျနော်..အိမ်ပြန်လာရာ လမ်းတစ်လျှောက် သည်ကလေးမလေး အကြောင်းကို
စဉ်းစားနေမိသည်။တိတိကျကျပြောရလျှင်သူတို့မိသားစုအကြောင်း ဖြစ်သည်။
ကျနော် မော်လမြိုင်တွင် အထက်တန်း ကျောင်းဆရာလုပ်နေစဉ်က ကျနော့်အိမ်
ခြေရင်းတွင် နေကြသော မိသားစုလေးဖြစ်သည်။
သူတို့အဖေက ဆိုက်ကားနင်းသည်။မနက်စောစော ဒေါင်းမင်းဈေးမှာ
ဈေးကြိုပစ္စည်း တွေ ပို့သည်။နာမည်တော့အပြည့်အစုံမမှတ်မိ..သူတို့အမေခေါ်သလိုပင်
“ ကိုမြင့် ” လို့တစ်ရပ်ကွက်လုံးကခေါ်ကြသည်။
သူတို့အမေ ကိုတော့မှတ်မိသည်။ မအေးသာ တဲ့ မှတ်မိရတဲ့အကြောင်းကတော့
`` အေးသာတို့ကတော့ အေးလာရင် အားနာ လာပြီ ´´ လို့ပြောနေတတ်တဲ့
သူတို့အဖေ..စကားကြောင့်ပင်ဖြစ်သည်။
ဟုတ်လည်းဟုတ်သည်။ရာသီဥတုလေး လေးအေးလာပြီဆိုလျှင် မအေးသာတစ်ယောက်
တစ်ခုခုဖြစ်စမြဲ။ ရင်ကြပ်သည်၊ ချောင်းဆိုးသည်၊ မီးယပ်ချမ်းထသည်၊ ဖျားသည်။
ဒီတော့ဆေးခန်း ပြေးရပြန်သည် ။မိသားစုကကြာတော့မပြေလည်ကြ။
အကြီးမက သီတာ ၊အငယ်မက သော်တာ။ တာကြီးနဲ့တာလေး လို့ခေါ်ကြတယ်၊
မအေးသာနေကောင်း..လျှင်..ကျနော့်မိန်းမကိုလာလာကူလုပ်ပေးတတ်သည်။
ညဘက်ဆိုလျှင်..ကလေးမနှစ်ယောက်ကျနော်တို့အိမ်မှာစာလာလာကျက်ကြသည်။
ကျနော့်ရဲ့အခမဲ့ကျူရှင်ကကျောင်းသားတွေပေါ့။ဆင်းရဲပေမည့် သိမ်မွေ့ကြသည်။
စည်းကမ်းသေ၀ပ်ပြီး စာလည်းတော်ကြသည်။
ကျနော်တို့ရန်ကုန်ကိုပြောင်းလာသည့်အချိန်က အငယ်မသော်တာက..ခုနစ်တန်းနှင့်
ကျောင်းထွက် ပြီး အိမ်မှာကွမ်းယာဆိုင်ကလေးတည်ထားသည်။အကြီးမသီတာကတော့..
ကိုးတန်းတက်နေပြီ။ သူတို့အခြေအနေနှင့်သီတာကိုဆရာဝန်ဖြစ်အောင်..ဘယ်လိုထား
ခဲ့ကြသည်ကိုကျနော်သိချင်သည်။ဆေးခန်းမှာလူတွေများနေလို့မမေးခဲ့။
သူတို့မိသားစုတွေအကြောင်းလည်းသိချင်ပေမည့်မမေးအပ်ဖူးထင်လို့မမေးခဲ့ပေ။
အိမ်ပြန်ရောက်တော့ဇနီးဖြစ်သူ အေးအေးကိုပြောပြတော့တော်တော်လေးဝမ်းသာ
ရှာသည်။အထူးသဖြင့် ဆေးဖိုးမကုန်လိုက်တာကိုပိုပြီးဝမ်းသာရှာသည်။
ကျနော့်လိုပင်စင်စားကျောင်းဆရာတစ်ယောက်အတွက်ငွေလေးငါးထောင်သည်
တန်ဖိုးရှိသည်ပင်။
နောက်တစ်နေ့ မှာ..သီတာ..အိမ်သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။
ကားအဖြူလေးကိုကိုယ်တိုင်မောင်းလာသည်။ကားအမျိုးအစားတော့မသိ၊ကြည့်လို့တော့
တော်တော်လေးလှသည်။
“ သီတာ...လာ...လေ..အေးအေးရေ...ဒီမှာနင့်တူမရောက်လာပြီ..”
ကျနော့ခေါ်သံကြောင့်...အေးအေးထွက်လာသည်..နောက်သီတာကိုကြည့်ပြီး
“ ဟယ်..တာကြီး..ကြီးလာလိုက်တာ မနဲကြည့်ယူရတယ် လမ်းတွေ့ရင် သိမှာတောင်
မဟုတ်ဘူး ဆရာဝန်မကြီးဖြစ်နေပြီဆို...၀မ်းသာလိုက်တာကွယ်..တကယ်ဘဲ..”
“ အန်တီအေးလည်းလှတုန်းဘဲနော်..အရင်အတိုင်းမပြောင်းလည်းဘူး..”
“ကြည့်..တာကြီးတို့ကတော့အမြဲတန်း...စိတ်ချမ်းသာအောင်ပြောပေးတတ်တယ် ”
“ သမီးလေ...အန်တီအေးတို့ကို..လိုက်စုံစမ်းနေတာကြာလှပြီသိလား..တွေ့မည့်
တွေ့တော့လည်း..ဆိုက်ဆိုက်မြိုက်မြိုက်ဘဲနော်...”
“ ဘာလို့လည်း..သမီးရဲ့...ဘဘတို့ကိုလိုက်ရှာတာ..”
“ ကျေးဇူးဆပ် ချင်လို့ပေါ့..ဘဘ ရဲ့ သမီးတို့ ချို့တဲ့နေတုန်းက..ကျွေးမွေးစောင့်
ရှောက်ခဲ့တဲ့ အန်တီအေးတို့ ဘဘ..တို့ရဲ့ကျေးဇူးတရားတွေ..သမီးတို့မိသားစု
ဘယ်တုန်းကမှမမေ့ခဲ့ပါဘူး...သမီး..ဘဘတို့ဆီမှာစာကျက်ခွင့်ရတာတွေ..အန်တီအေး
ပေးခဲ့တဲ့အ၀တ်တွေဝတ်ဆင်ခွင့်ရလို..သမီတို့အရှက်လုံခဲ့ရတာတွေကို..ဘယ်တော့မ
ှမမေ့ခဲ့ပါဘူး...ဘုရားရှိခိုးတိုင်းလည်း..ဘဘတို့ကိုအမြဲမေတ္တာ ပို့ပြီးကန်တော့ခဲ့ပါတယ်
သမီးတို့အခြေအနေနဲ့..အခုလိုဆရာဝန်တစ်ယောက်ဖြစ်ခဲ့ရတာကို..ဘဘတို့
တော်တော် အံ့သြနေမှာပေါ့နော်...ဘဘ ”
“ အင်း..အဲဒါတော့ ဟုတ်တယ် ဆေးခန်းမှာတွေ့ ကတည်းကတော်တော် အံ့သြခဲ့တာ
သော်တာလေးအကြောင်းလည်း..မေးချင်နေခဲ့တာ..လူတွေများနေလို့..”
“ ပြောပြပါ့မည်..ဘဘရဲ့..တာလေးလည်းမကြာခင်ရောက်လာမှာပါ..သူကမန္တလေးမှာ
ရွှေဆိုင် ဖွင့်ထားတယ်..သူ့အမျိုးသားနဲ့နေတယ်.ကလေးတောင်ရနေပြီ..သားကလေး
သူက..သမီး ထက်တောင်ချမ်းသာနေသေးတယ်..ဘဘရဲ့ ”
“ ဟေ..ဟုတ်လား..ကြားရတာ..ကောင်းလိုက်တာကွယ်... ဘ၀တွေများ မျက်လှည့်ပြလိုက်
သလိုဘဲ ပြောင်းသွားလိုက်ကြတာ..ရှေးဘ၀..ကုသိုလ်ထင်ပါရဲ့...”
“ မဟုတ်ဘူး..ဘဘရဲ့ အခုဘ၀ကုသိုလ်ပါ...သည်လိုအဘရေ....
ဘဘတို့ပြောင်းသွားတော့..သမီးတို့လည်းတော်တော်ကသီပြီး..ကျန်ခဲ့တာ
မေမေကလည်း..ကျန်းမာရေးပိုဆိုးလာတယ်...အမေ့ဆေးဖိုးရအောင်..အဖေ
လည်းညဖက်တွေပါ ဆိုက်ကားထွက်နင်းပါတယ်..တစ်ညအဖေဆိုက်ကားပြန်လာတော့
ဆိုက်ကားပေါ်မှာလူတစ်ယောက်ပါလာတယ်...အဖျားတွေလည်းတက်နေပြီး..
ကိုယ်တွေလည်းပူလို့...သတိတောင်မရတချက်ရတချက်ဘဲ...
အဖေ့ဆိုက်ကားခေါ်စီးပြီး..ဆေးခန်းလို့ပြောပြီးသတိလစ်သွားလို့အဖေလည်း
အိမ်ခေါ်လာတာ..နောက်တော့မှ..သမီးပါလိုက်သွားပြီးဆေးရုံကိုပို့ပေးလိုက်တာ
ဆေးရုံကိုရောက်မှ..အဲဒီလူက..ရန်ကုန်ပြန်မည့်သူတဲ့..မော်လမြိုင်မှာအသိလည်း
မရှိဘူးဆိုတော့..သမီးတို့သားအဖဘဲစောင့်ပေးရတာ..သူ့မှာကလည်း ငွေလေး
သုံးထောင်လောက်ဘဲပါတာလေ..ဘယ်လောက်ပါ့မလည်း...”
“ အင်းမြွေပူရာကင်းမှောက်တာဘဲပေါ့......နော်”
“ ဟုတ်တယ်အဘရေ...သူ့အဖျားကတော်တော်နဲ့မကျဘူး...အဖေလည်း..
အမေ့နားကပ်လေးပေါင်ပြီးဆေး ဘိုးလုပ်ပေးရ..ညည စောင့်အိပ်ရနဲ့....
တစ်ယောက်မှမအားရပါဘူး..ပြောရရင်တစ်ပတ်လောက်မှာ ဆေးရုံကဆင်း လာရတယ်
အိမ်မှာဘဲသောင်တင် နေတာပေါ့. သူ့နံမည်ကဦးဘရီ..တဲ့..နလန်ထစဆိုတော့
အားလည်းဘယ်ရှိပါ့မလည်း.. သူ့အဖြစ်ကလည်းသနားစရာဘဲ...သူ့သမီးလေးက
ကောင်လေးတစ်ယောက်နဲ့ ခိုးရာလိုက်ပြေးရာကနေ..သတင်းမရလို့ လိုက်နေတာ
လေးလလောက်တောင်ရှိနေပြီတဲ့... ဘားအံဘက်မှာဆိုလို့လိုက်သွားတာ ဟိုဘက်နိုင်ငံ
မှာအလုပ်သွားလုပ်တယ်ဆိုလို့ ထိုင်းအထိလိုက်သွားတာ.အင်းဟိုရောက်တော့မှ
သမီးကော သမက်ကော လှေမှောက်လို့ဆုံးသွားမှန်းသိရတာ...”
“ ဟယ်...သနားစရာနော်...ရင်ကိုဆို့သွားမှာဘဲ ”
ကျနော့ဇနီးအေးအေးကသနားတတ်သူပီပီ စိတ်မကောင်းဖြစ်သွားသည်။
“ဟုတ်တယ်အန်တီအေး ..သူကမုဆိုးဖိုလေ..အဖေတစ်ခုသမီးတစ်ခုဆိုတော့ ပိုပြီး
ခံစားရတာပေါ့ အပြန်လမ်းမှာအစားပျက်အအိပ်ပျက်ဖြစ်ပြီးနေမကောင်းဖြစ်လာတာ
မော်လမြိုင်မှာသူငယ်ချင်းတစ်ယောက်ရှိတာ သတိရပြီး ခဏနားမလို့လာတာ
သူငယ်ချင်းကလည်းပြောင်းသွားပြီတဲ့ အဲဒီမှာအဖေနဲ့ဆုံလာတာလေ..”
“ ကိုမြင့်တို့မိသားစုလို..စိတ်ကောင်းရှိတဲ့သူနဲ့တွေ့တာသူကံကောင်းတာပေါ့”
“ အဖေကတော့ပြောပါတယ်..တို့ကဆင်းရဲလို့ကောင်းမှုတွေမလုပ်နိုင်ဘူးတဲ့
အခုလိုကြုံတုန်းကောင်းမှုလုပ်ရတာပေါ့တဲ့လေ ..သူနေကောင်းတော့အဖေ့ကိုပြောတယ်
ကျနော့ကိုကူညီလက်စနဲ့ ငွေလေးထောင်လောက်ချေးပါတဲ့ ကျနော်ဆက်ဆက်ပြန်လာ
ဆပ်ပါ့မယ်တဲ့လေ... အဖေလည်းမထူးပါဘူးဆိုပြီး ပေါင်ထားတဲ့နားကပ်လေးရောင်းပြီး
ပေးလိုက်တယ်...အမေကတော့ငိုပါလေရဲ့....”
“ ငိုမှာပေါ့ကွယ်...အဲဒါလေးက ကိုမြင့်နဲ့ ညားကာစကလုပ်ထားတာလို့
သူအန်တီအေးကိုခဏခဏပြောဘူးတာ...နှမျောရှာမှာပေါ့သီတာရဲ့ ”
“ ဦးလေးဘရီပြန်သွားပြီးနောက်ပိုင်း...အမေစိတ်မကောင်းဖြစ်မှာစိုးလို့ ကျမတိုအဲဒီ
အကြောင်းစကားမစကြဘူး ..အမေကတော့သနပ်ခါးလူးတိုင်း
သူ့နားပေါက်လေးစမ်းပြီး ဘယ်သူမှမသိအောင်မျက်ရည်ဝဲနေတတ်တယ်.....”
“ အဲဒီလူကကောပြန်မလာဘူးလားသမီးရဲ့ ..”
ကျနော်ကစိတ်မရှည်တော့လို့ ဖြတ်မေးလိုက်သည်။
“ ပြန်လာတာပေါ့ ဘဘရဲ့ ပြန်လာတာမှ..အခုသမီးစီးတဲ့ကားလေးနဲ့ပြန်လာတာ
အိမ်ရှေ့ရောက်တာနဲ့ အမအေးသာကျနော်ပြန်လာပြီဆိုပြီး ပြုံးပြုံးကြီးတက်လာတာ
ကျမတို့လည်း အံသြပြီးကြည့်နေတုန်း..သူ့အိတ်ထဲကဘူးလေးကိုထုတ်ပြီး ကျနော်
သိတယ်အမအေးသားနားကဟောင်းလောင်းဘဲဆိုတာ..ရော့ကျနော်နားကပ်အစား
ဝယ်လာတာဆိုပြီး နားကပ်တစ်ရံထုတ်ပေးတယ်..အမေလည်းယောင်တောင်တောင်
နဲ့ လှမ်းယူပြီးမှ မောင်ဘရီ..နင့်ကျောက်ကကောင်းလာချည်လားဆိုတော့...
ဦးလေးဘရီက..ရီပြီး အဲဒါကျောက်မဟုတ်ဘူးအမရဲ့ စိန်...ဗျ...လို့ဆိုလိုက်တော့
ကျမတို့ တစ်အိမ်လုံးအသက်ရှူဖို့မေ့ကုန်တော့တာပါဘဲ.....”
“ ဟုတ်တာပေါ့...ငါဆိုလည်း ဘာပြောရမှန်းတောင်သိမှာမဟုတ်ဘူး..”
“ ဟုတ်တယ်သမီးတို့လည်း ဘာမှမပြောနိုင်ဘဲ ရှိနေတာ..ဦးလေးဘရီကဘဲ
အဖေ့ကို အကိုတို့မိသားစုကို ကျနော်လာခေါ်တာပါ...ကျနော် နဲ့လိုက်နေပါတဲ့
သီတာကဆယ်တန်းဆိုတော့ကျူရှင်ကောင်းကောင်းတက်ပြီး ကျောင်းကောင်းကောင်းမှာ
အပ်ပေးမယ်တဲ့ အမအေးသာကိုလည်း ဆေးပြန်ကုပေးပါရစေတဲ့ အကိုကတော့ကျနော်
နဲ့ဝိုင်းလုပ်ပေါ့..ဆိုပြီးပြောတာ...လေ ..အဲဒီလိုနဲ့သမီးတို့ ရန်ကုန်ရောက်လာတာ..”
“ ဟုတ်တာပေါ့ ကွယ် စေတနာစစ်မှန်တော့..အနှစ်ကကောင်းတာပေါ့..”
“ ဟုတ်တယ်ဘဘ..သမီးကျောင်းကောင်းကောင်းမှာလည်းနေခွင့်ရတယ်..
သော်တာကိုတော့ မန္တလေးက သူ့အမရွှေဆိုင်ကိုပို့ပြီး ရွှေထည်တွေအကြောင်းကို
သင်ခိုင်းတယ်.. သော်တာကလည်းသွက်တယ်ဆိုတော့ သူ့အမတွေကသဘောကျ
ကြတယ်လေ.. နောက်ဆုံးသူတို့သားနဲ့အိမ်ထောင်ချပေးပြီးဆိုင်ကိုပါ လွှဲပေးလိုက်တာ ”
“ ဟာ..ကောင်းပါ့ကွာ..တာကြီးကကောမစွန်သေးဘူးလား.. ”
“သမီးလည်း နောက်နှစ်ဆန်းမှာမင်္ဂလာဆောင်ဖြစ်မှာပါ..အမျိုးသားကလည်းဆရာဝန်ပါဘဲ”
“ အေးကောင်းတာပေါ့..ဆရာဝန်စုံတွဲပေါ့.. ဒါနဲ့ ကိုမြင့်တို့ မအေးသာတို့ကော..
နေကောင်းကြလား..မေးမလို့ဟာ..နင့်ဇတ်လမ်းကမဆုံးသေးလို့..”
“ အဖေကတော့အစပိုင်းမှာ ဦးလေး ရဲ့ အဝေးပြေးကားလုပ်ငန်းမှာ ၀ိုင်းလုပ်ပေးတယ်
အမေကဒီရောက်မှ သမားတော်တွေနဲ့ ပြကြည့်မှ အမေ့ ရောဂါ က ကင်ဆာလေ
တစ်နှစ်လောက်ဘဲခံပါတယ်....ဆုံးသွားပါပြီ..”
“ အော်..အေးသာက ဆုံးသွားပြီကို၊၊ အေးအေးသာသာနဲ့ကြာကြာတောင်
မနေသွားရရှာပါလား..အေးသာ..ရယ်..”
“ အမေက ရောဂါရှိမှန်းသိကတည်းက ရောဂီဝတ်လိုက်တာလေ..ရောဂီဝတ်နဲ့
ဘဲဆုံးရှာတာ..သမီးဆရာဝန်ဖြစ်တဲ့ နှစ်မှာဘဲ.ဦးလေးဘရီက..အကိုရေ့ကျနော်
တို့လည်းကိုယ့်အတွက်ကိုယ်လုပ်ကြစို့ ခလေးတွေလည်းစိတ်ချရပါပြီ ပြောပြီး
နှစ်ယောက်လုံး သာသနာ့ဘောင်ဝင်သွားကြပြီလေ....”
“အေး..ကောင်းတယ်..ကိုယ့်အတွက်ကကိုယ်လုပ်မှကိုယ်ရမှာလေ..”
“တော်ပြီ..သမီးတို့ဇာတ်လမ်းနားထောင်ရတာနဲ့အန်တီအေးလည်း..မျက်ရည်တွေထွက်နေပြီ
ကဲဘဘတို့ထိုင်..သမီးကန်တော့မယ်..ဒါကလောလောဆယ်ဆယ်အဘတို့လှူလို့တန်း
လို့ရအောင်ငွေငါးသိန်း..ပြီးတော့အဘတို့ဘာဘဲဖြစ်ဖြစ်သမီးကိုအကြောင်းကြား..နော်
သမီးလည်းမကြာကြာလာမယ်...ပြောမည့်သာပြောရတယ်အဘတို့ကိုသမီးကြာကြာ
ပြုစုခွင့်..ရမှာမဟုတ်ပါဘူး....”
“ ဟေ..ဘာလို့လည်းဟ..နင်ကဘယ်သွားမှာ...မို့လည်း”
“ သမီးသွားမှာမဟုတ်ပါဘူး ဘဘတို့သွားရမှာ.လေ.. အမေမဆုံးခင်ကတည်းကမှာခဲ့
တာ..နင်ဘဘတို့မှာသားသမီးရှိတာမဟုတ်ဘူးတဲ့..နင်တို့ရှာပြီးပြုစုကြတဲ့လေ..
မနေ့ကသော်တာက..ဖုန်းဆက်ထားတယ်..အန်တီအေးခေါက်ပြီး သင်ခဲ့လို့မိန်းကလေး
ပြီသအောင်သူနေတတ်တာတဲ့...ပညာမရှိပေမည့်သိက္ခာ ရှိအောင်နေတတ်ဖို့သင်ပေး
ခဲ့တဲ့ ဘဘတို့ကို..သူမန္တလေးမှာခေါ်ထားမယ်တဲ့.....သော်တာကိုတော့သမီးလည်းမနိုင်ဘူး..”
သီတာစကားကြောင့်ကျနော်တို့လင်မယားငိုင်သွားမိသည်။
သားထောက်သမီးခံမရှိတဲံပင်စင်စားကျောင်းဆရာဘ၀အတွက်..ဇရာ၏နောက်ဆုံးအချိန်
ကိုပူပန်နေမိသည်မှာကြာပေပြီ။ခုတော့ကျနော်တို့၏ဇရာအတွက်အာမခံချက်ကိုမြင်
လာရလို့ မျက်ရည်ဝဲမိသည်အထိဝမ်းသာမိသည်။
ကျနော်ဘာစကားမှ ပြန်မပြောမိ။ မအေးသာ..စိန်နားကပ်ရသည့်အချိန်ကို..
သွားပြီးတွေးမိသည်။အခုလိုခံစာချက်မျိုးဖြစ်ပေလိမ့်မည်ထင်။အေးအေးကတော့မျက်ရည်
တွေနဲ့ ကန်တော့နေတဲ့ သီတာလေးအားဆုတွေတတွတ်တွတ်ပေးနေသည်။
အမှန်မထင်ပြုခဲ့သော စေတနာများ ရောင်ပြန်လင်းလက်လာခဲ့ပေပြီ။
“ သမီးဆေးခန်းထိုင်ရဦးမယ်..သွားတော့မယ်နော်.မသွားခင် ဘဘတို့ကိုတခုကြွား
ရဦးမယ်..သမီးပန်ထားတဲ့ နားကပ်လေးကို တွေ့လား အဲဒါအပေါင်ဆိုင်ကနေ
သည်မလာခင်ဦးလေးဘရီ ကိုသမီးပူဆာပြီး မရမကသွားပြန်ဝယ်ထားတာ..
သမီးတို့ ဘ၀ကိုပြောင်းလည်းစေတဲ့နားကပ်လေးမို့..သမီးအမြဲဝတ်ထားတဲ့
အမေ့ရဲ့နားကပ်လေး..လေ..လှတယ်နော်ဘဘ”
“ အေးပါကွယ်..ဒါလေးက ကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံးနဲ့
အလှဆုံးနားကပ်လေးပါကွယ်....ကောင်းရာဘုံက..အေးသာလည်းပြုံးနေမှာပါသမီးရယ်...”
ကောင်းသောအမှုတို့၏အဆုံးတွင် ကောင်းသောအရာသည်အမြဲရှိပါသည်။
ဆက်လက်ကြိုးစားပါဦးမည်။
တတိုင်းမွှေး။ ။4-7-2013(မနက်63း0)
ကိုယ်တိုင်တွေးပါသည်။
Subscribe to:
Posts (Atom)