နေက..စထွက်စကနွေးထွေးခဲ့ပေမည့် မွန်းတည့်ချိန်မှာပူလောင်ပါသည်။
ရာသီခိုနေခဲ့သော ဖါးတို့လည်းအော်နေကြလေပြီ၊
ပွင့်လင်းရာသီဆိုပြီးငယ်ကျိုးငယ်နာများကြီးထွားနှုန်းမြန်နေတတ်သည်၊
လမ်းပေါ်ကအော်သံ ကို တိုက်ပေါ်ကလူတွေ ဂရုမစိုက်တော့ပါ၊
တိုက်ပုံဝတ်ပြီး အိပ်မက်ရောင်းနေသူတွေများလာပါသည်၊
အများအကျိုးအတွက်ဆိုပြီး အကျိုးများအောင်ချောင်းနေသူတွေရှိပါသည်၊
ဘာဘဲဖြစ်ဖြစ် ရွေးချယ်ပွဲအတွက်လူကြီးမင်းများမှ
နေရာယူပေးကြပါရန်ပန်ကြားနေတုန်းပင်၊
လိုင်းကားတိုးစီးသူတွေများနေပေမည့်ကိုယ်ပိုင်ကားအရောင်းအ၀ယ်ပိုများလာသည်။
အဆင်းရဲဆုံးနိုင်ငံမှာဘဏ်တွေကမှိုလိုပေါက်လာကြသည်မှာထူးဆန်းပါသည်၊
ယင်ကောင်နားသောစာစောင်နှင့်ရှပ်ရှင်များအလုပ်ဖြစ်ကြသည်။
လူမျိုးခြားနှင့်ဖူးစာဖက်မိသောအဖိုးအဖွား များကြောင့်
မြေးများမျက်နှာပျက်နေရသောကာလဖြစ်သည်။
လူကြီးတွေလုပ်တာမကောင်းကြောင်းလူကြီးတွေပြောပြမှသိရသည်။
လူကြီးတွေလုပ်တာမှားခဲ့ကြောင်း လူကြီးတွေပြောပြမှသိရသည်။
လူကြီးတွေက..လူကြီးတွေအကြောင်းလူကြီးလုပ်ဖို့ပြောနေကြတာလား။
အသက်မရှိတော့သောသူများ၏အမည်များသည်
အသက်ရှိသောသူများ၏ကုန်ကြမ်းများဖြစ်သည်။
သမိုင်း၏တရားခံများကိုပြစ်ဒါဏ်ချမှတ်ရန်
တရားခံများကိုယ်တိုင်စီရင်ချက်ရေးနေပါသည်။
စစ်ကိုင်းရောက်နေသော မြင်းသည်တော်များနှင့်
ပဲခူးရောက်နေသောလှေထိုးသားများ၏ဆွေးနွေးပွဲက..ပေတော်တော်ရှည်ပါမည်။
အင်တာနက်ပေါ်တွင်လူတိုင်းပေါက်ကွဲခွင့်အပြည့်ရကြသည်။
ဒီမိုကရေစီ ဟုပြောတတ်လျှင်အထင်ကြီးပါသည်၊
ပိုပြီးကျယ်ကျယ်ပြောတတ်လျှင်ပိုပြီးအထင်ကြီးပါသည်။
ဖုန်းတစ်လုံးရှိလျှင် လူကြီးမင်း ဟုအခေါ်ခံရပါသည်။
အွန်လိုင်းပေါ်တွင်ရေးသူများလာပါသည်၊ကြိုက်သူတွေ...Like ပြီး
မကြိုက်သူတွေဖိုက်ပါလိမ့်မည်၊
“ ဖြစ်ရပ်မှန် ” ဆိုလျှင်ပိုပြီးစိတ်ဝင်စားကြပါသည်။
နောက်ဆုံးတော့လူတော်တော်များများ နိဗ္ဗာန်ယာဉ်စီးပြီး ငရဲသို့သွားနေကြပါသည်။
ကျွန်ပ်လည်းမကောင်းသောသူများအကြောင်းရေးပြီး မကောင်းသောသူဖြစ်သွားပါတော့သည်။
နေ့လည်ကပူပြင်းသောနေ..ညနေဆည်းဆာတွင်ငုတ်သွားသည်ကို
လူတိုင်းပျော်ရွှင်စွာကြည့်လိုကြပါသည်။
တတိုင်းမွှေး။
No comments:
Post a Comment