Friday, May 2, 2014

တမ်းတမိသောလက်တစ်စုံ


 
“ ဆံချတော့မယ်တဲ့ ”

ကျောင်းသားလေးတစ်ယောက်ကလာပြောတော့

ကျွန်တော်ခေါင်းကိုစမ်းလိုက်မိသည်။လွန်ခဲ့သည့်အပတ်ကမှသေသေချာချာပုံသွင်း

ထားသည့် ဆံပင်လေးတော့သွားတော့မည်။ ကျောင်းသားလေးက လုံချည်အသစ်

တစ်ထည်နှင့်စွပ်ကျယ်အသစ်တစ်ထည်ကို ကမ်းပေးလို့ကျွန်တော် လဲဝတ်လိုက်ပြီး

ကျောင်းသားလေးနောက်ကိုလေးတွဲ့သည့်ခြေလှမ်းများနှင့် လိုက်ခဲ့သည်။ခေါင်းရိတ်

ပေးမည့်ဦးဇင်းက သင်တုံးဓါးကိုတဖြန်းဖြန်းနှင့်ခတ်နေသည်မှာ အသဲယားစရာပင်။

´ မြန်မြန်လာပါ ပဉ္ဇင်းလောင်းရဲ့´

သူ့ခေါ်သံကြားမှကျွန်တော့်ခြေလှမ်းက ပိုပြီးနှေးသွားသည်။ ဦးဇင်းကကျွန်တော့ခေါင်း

ကိုကြည့်ပြီး ပြုံးလိုက်သည်၊ပြီးတော့မှ

“ ခေါင်းကိုရေသွားဆွတ်လိုက်လေ ” ဟုပြောလိုက်ပါသည်။

ဖိတ်စာ နှင့်မဖိတ်ထားသော်လည်း ရဟန်းလောင်းများရဲ့နီးစပ်ရာ မိတ်ဆွေများ

ကတော့ လာကြပါ သည်။တစ်ဖက်နိုင်ငံမှာအလုပ်သွားလုပ်နေသောကျွန်တော့် ကိုအဖေက

လကုန်အမှီပြန်လာခိုင်းပါသည်။ ကျွန်တော်ပြန်မည်ဆိုတော့ အတူနေ တစ်မြို့တည်းသား

ဝင်းကိုနှင့် မင်းထက်တို့လည်းလိုက်ပြန်လာကြသည်။ပြန်ရောက် လာတော့မှအဖေက

“ သား ..မင်းကိုရဟန်းတက်ပေးမလို့ ပြန်ခေါ်လိုက်တာ..”

အဖေ့စကားကြောင့် သထုံမှာတပေါင်းပွဲ ကဲရန်စိတ်ကူးလာသော ကျွန်တော်တို့

တွေမောသွားကြသည်။ဒါပေမဲ့ မုဆိုးဖိုဖခင်ကြီးရဲ့ ဆန္ဒ ကိုလည်းမလွန်ဆန်နိုင်တော့သဘော

တူလိုက်ပါသည်။ ကျွန်တော်ရဟန်းဝတ်မည်ဆိုတော့လည်း ၀င်းကိုတို့လည်းလိုက်ဝတ်ဖို

ဆုံးဖြတ်လိုက်လို့ သူတို့မိဖများလည်းတော်တော်ပျော်သွားကြသည်ပင်။

ကျွန်တော်အဖေကိုလည်းကျေးဇူးတင်ကြပါသည်။ သည်လိုနှင့်ကျွန်တော်တို့သုံးယောက်

ရဟန်းဝတ်ဖြစ်ကြခြင်းဖြစ်သည်။ ကျွန်တော်ကရေတစ်ခွက်ကို အုတ်ကန်ထဲကခတ်ပြီး ခေါင်း

ကိုရေဆွတ်လိုက်သည်။

“ တော်ပြီ သိပ်အများကြီးမဆွတ်နဲ့” အဖေ့အသံကြောင့် ကျွန်တော်ခေါင်းရေဆွတ်တာ

ကို ရပ်လိုက်သည်။နောက်တော့လည်းဦးဇင်း အရှေ့မှာသူ့ကိုကျောခိုင်းပြီး ဆောင့်ဆောင့်လေး

ဝင်ထိုင်လိုက်ရသည်။

အုတ်ရေကန်လေးရဲ့တစ်ဖက်မှာတော့ မင်းထက်နှင့်ဝင်းကိုတို့နှစ်ယောက်ကတော့

ခေါင်းရိပ်နှင့်လေ သည်။မင်းထက်ဆိုတစ်ခေါင်းလုံးတောင်ကုန်ခါနီးနေပြီ။ဝင်းကိုကတော့

တစ်ခြမ်းကျန်နေသေးသည်။သူတို့အသီး သီးရှေ့ကပိတ်ဖြူလေးတွေကိုအသီးသီးဖြန့်ထားပြီး

သူတို့အဖေနဲ့အမေတွေကတစ်ဖက်စီအသီးသီး ကိုင်ထား ကြသည်။

အမှတ်မထင်သူတို့မျက်နှာကိုကြည့်မိတော့ ၀င်းပကြည်လင်နေတဲ့ပီတိအပြုံးတွေကို

ကျွန်တော်မြင်လိုက် ရသည်။ရုတ်တရက်ကျွန်တော့်ရင်ထဲမှာ ဒိန်းခနဲတုန်လှုပ်သွားမိသညိ

အမည်မဖော်ပြနိုင်သောဝမ်းနည်းမှုတစ်ခုကိုခံစားလိုက်ရသည်။ပြီးတော့အဖေ့ကိုလှမ်းကြည့်

လိုက်မိသည်။

အဖေကလက်ထဲမှာကိုင်ထားသောပိတ်ဖြူစလေးကို ဖြန့်ချလိုက်သည်။

ဘေးမှာရပ်နေသောကျောင်းသားလေးက ကျန်သည့်အစနှစ်ဖက်ကိုကိုင်ပြီး ပြိုင်တူထိုင်

ချလိုက်သည်။ဦးဇင်းကကျွန်တော့်ခေါင်းကိုနောက်မှနှိမ့်ပြီးတွန်းလိုက်တော့ ကျွန်တော်

အလိုက်တသိပင်ခေါင်းငုံ့ပေး လိုက်ရာသင်တုန်းဓါးနှင့်ရိတ်ချလိုက်သောဆံပင်တစ်ထွေ

ပိတ်ဖြူပေါ်သို့ကျလာသည်။

ထိုအခိုက် ကျွန်တော့်ညာဖက်ကပိတ်ဖြူအစွန်းကိုကိုင်ထားသော အဖေ့လက်

တုတ်တုတ်ကြီးနှစ်ဖက်ကို ကြည့်မိလိုက်သည်။အဖေ့လက်နှစ်ဖက်ကိုသည်လိုအနီးကပ်

မတွေ့ရသည်မှာတော်တော်ကြာခဲ့ပြီ။အဖေ့လက်မှာ အရင်လိုမတင်းတော့ပဲအရေပြား

တစ်ချို့ပျော့လာပြီး အရစ်တွေပေါ်လာနေပြီကော။ထိုလက်နှစ်ဖက်နှင့်ကျွန်တော့် ကိုရိုက်

ခဲ့ဖူးသလို သည်လက်နှစ်ဖက်ကကျွန်တော့်ဦးခေါင်းကိုပွတ်ပြီးကြည့်စယ်ခဲ့ဘူးသည်။

သည်လက်နှစ်ဖက်က ကျွန်တော့်ကိုမုန့်ဖိုးတွေပေးခဲ့သည်။သည်လက်နှစ်ဖက်သည်

ကျွန်တော့်ကိုလူလားမြောက်စေခဲ့သည်။

နောက်တော့ ကျွန်တော်ဘယ်ဖက်ကိုမျက်လုံးဝေ့ကြည့်လိုက်တော့ ကျောင်းသားလေးရဲ့

ပိတ်ဖြူစကိုကိုင်ထားသောလက်နှစ်ဖက်ကိုတွေ့ရသည်။အမှန်ဒီနေရာမှာ အခြား လက်တစ်စုံဖြစ်

နေသင့်သည်။ ကျွန်တော်အရမ်း မြတ်နိုးသောဖြူဝင်းပြီးသွယ်တန်းနေသောလက်တစ်စုံ၊ ပိန်လှီ

သော်လည်း ကျွန်တော့်ကိုအင်အားတွေပေးခဲ့သော လက်တစ်စုံ၊ ကွန်တော်အိပ်နေစဉ် နဖူး

လေးကိုလာလာစမ်းသောလက်၊ ကျွန်တော်နိုးလာလျှင် ပါးကိုဆွဲဆွဲလိမ် တတ်သောလက်၊

ကျွန်တော်ဝမ်းနည်းလျှင် ကျွန်တော့်ခေါင်းကိုထိုးဖွပြီးနှစ်သိမ့်တတ်သောလက်၊ ယခုတော့

ဒီလက်နှစ်ဖက်မရှိတော့။ ခေါင်းမှာဆွတ်ထားသောရေက နဖူးမှတဆင့်ပိတ်ဖြူပေါ်

သို့တစက်စက်ကျနေ၏။ရေစက်တို့ကျထိသည့်နေရာတွင် အစိုကွက်လေးများဖြစ်သွားသည်

ရိတ်ချလိုက်သောဆံပင်ကလည်းစိုနေတော့ ပိတ်ဖြူစမှာအစိုကွက်ကစုစုပြီး

ရေကွက်ကြီးဖြစ်သွားသည်။ကျွန်တော်သတိထားမိသည့်အချိန်မှာကျနေသောရေစက်များနှင့်

အတူကျွန်တော့်မျက်လုံးမှမျက်ရည်စက်များပါနေပြီကော။

ပိတ်ဖြူစကိုကိုင်ထားသောအဖေ့လက်အစုံလည်း တဖြေးဖြေးတုန်လာပါသည်။

မမျှော်လင့်ပဲအဖေ့ရှေ့က ပိတ်ဖြူစမှာရေကွက်လေးနှစ်ခုကို ကျွန်တော်မြင်လိုက်ရသည်။

` အဖေရယ် .....သားလိုပဲသတိရနေတာလားနော် ´

ဒီတစ်ခါတော့အဖေပြောနေကျစကားကိုပဲ သားရင်ထဲကပြန်ပြောလိုက်မိသည်။

“ ဖြစ်တတ်ရင် ပျက်တတ်ပါတယ်အဖေရယ် ´´

ထိုအခိုက်လေးမှာပင် အဖေ့နှုတ်ဖျားမှတိုးညှင်း သော်လည်းပီသသောစကားလုံး

အချို့ကိုရင်မှာနင့်နေအောင် ကြားလိုက်ရပါတော့သည်။

“ အမေကြီးရေ..... မင်းသားရဟန်းဘောင်ကို တက်တော့မည်နော်

ရောက်လေရာဘုံဘ၀ကနေပြီးတို့သားအဖပြုတဲ့ ဒါနကုသိုလ်ကို သာဓုခေါ်လိုက်ပါတော့နော်..

အမေကြီးရေ.. အမျှ အမျှ အမျှ ရပါစေကွယ်.....”

သားယောက်ကျားတိုင်းအမိအဖတို့အတွက် ရဟန်းတက်ပြီး ကုသိုလ်ဆက်ခွင့်ပေး

နိုင်ကြပါစေ။

အစဉ်လေးစားလျှက်


တတိုင်းမွှေး။ ။2-5-2014

Friday, April 25, 2014

တစ်ယောက်တစ်ကျပ်


 
( တစ်ယောက်တစ်ကျပ် )

နင်လည်းတစ်ကျပ်

ငါလည်းတစ်ကျပ် တဲ့

ပြောခဲ့သမျှကိုအဟုတ်မှတ်ပြီ

လုပ်ဇတ်တွေကိုယုံခဲ့တဲ့

ငါတို့အဘိုးတွေတော့သေကုန်ပြီ။

အခုလည်းပြောပြန်ပြီ

နင်လည်းတစ်ကျပ်

ငါလည်းတစ်ကျပ်တဲံလား

အနာဂတ်မှာအတူတူရပ်ဖို့ရာ

ဂတိတွေလည်းခိုင်မာဖို့လိုမည်နော်။

ရှေးတုန်းက

နင်ကတစ်ကျပ်မက

ငါတို့ကငတ်နေရလို့

ပြည်မနှင့်တောင်တန်း

ရင်ဘောင်တန်းတဲ့စစ်ပွဲတွေ

နင်တို့လည်းသေ

ငါတို့လည်းကြေမွ

မအေးချမ်းတဲ့ဘ၀တွေအတွက်

ဟိုဘက်သည်ဘက်

မှုသားမဖက်

တို့များလက်တွေဖြူစင်ကြရအောင်။

ငါတို့နေတဲ့မြေ

ငါတို့တွေထက်နင်တို့ကပိုချစ်ပြ

အနှစ်တွေကိုရသမျှကလော်စား

အသားများတော့ဝါမြို

ကျန်တဲ့အရိုးကိုမှ လာပစ်မကြွေးနဲ့

တစ်ခြမ်းပဲ့နေတဲ့ယုံကြည်မှု

ပြန်ပေါင်းစုဖို့အရေး

တိုင်းရင်းသားအတွေးများကို

အလေးထားတတ်ဖို့လိုပြီနော်။

တတိုင်းမွှေး။

Wednesday, April 9, 2014

ရင်ခတ်တေး



နေလုံးနီနီ ညနေစောင်း

ချစ်တဲ့အကြောင်းပြောကြတယ်

ပန်းပွင့်ဖြူဝါ ဟိုဒီကြား

ချစ်သူစကားလေးကြားရတယ်

ငွေလသော်တာ ဟိုဒီပုန်း

ချစ်သူအပြုံးလေး တွေ့ရတယ်

လေပြေလေးတွေ ပြေးကာဆော့

ချစ်သူကောက်တော့ ချော့ရတယ်

ကြယ်ကလေးတွေပေါ်တိမ်ရည်ဆမ်း

ချစ်သူ့အနမ်းလေးတမ်းတတယ်

ညငှက်လေးတွေတေးသီကျူး

ချစ်စိတ်ကူးလေးနဲ့မျှော်ရတယ်။

တတိုင်းမွှေး။

မျက်ရည်ကိုသက်သေမလုပ်ဘူး


နင်ကမေ့တတ်တဲ့သူဆိုကောင်းမှ

ဒါမှငါ့နှလုံးသားထဲ နင်ဝင်လာတဲ့တံခါးကိုမမှတ်မိမှာ

သည်အတာမှာပိတောက်မကိုသရဖူပေးလို့

ငုဝါလေးကိုငါထိုင်ချော့နေမိတယ်

နင့်ကိုလောင်းမည့်ရေတစ်ခွက်

ရင်ဘတ်ထဲအေးခဲနေတာသုံးရာသီမတ်တင်းပေါ့

နင်ပြန်မလာတော့ရင်တောင်နှလုံးသားကိုမက်ဆေ့ပို့ပေးပါ

ငါမဖတ်ဘဲသိမ်းထားပါ့မည်။

တစ်ရက်သာသာပန်ခဲ့တဲ့ပိတောက်တစ်ခက်ကတော့

မျက်ရည်စက်လက်နှင့်ရေထဲခုန်ချသွားပြီ

ရာသီအစမှာမတွေ့ရပေမည့်ရာသီအဆုံးမှာ

` အလွမ်း ´ တွေအစွမ်းပြနေတယ်

ငါရေးခဲ့တဲ့ ကဗျာတွေကိုတရားခံပြသက်သေအဖြစ်

ရုံးတော်ကိုဦးတိုက်လျှောက်ထားတယ်

`Yes I Do ´ လို့နင်ပြောတဲ့နေ့

နင့်အရှေ့မှာငါဒူးထောက်ပါ့မယ်နော်။

တတိုင်းမွှေး။ ။

Friday, April 4, 2014

ကျောင်းဖွင့်ချိန်

ကျောင်းဖွင့်ချိန်

ရွှေဘုန်းလူ

(၁)

ငါတို့ကျောင်းတော်ကြီးရဲ့

မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ

ဟစ်တလာရုပ်ထုကို

လူတစ်စု ထုဆစ်နေကြတယ်။

သူတို့ဟာ....

ရုပ်ထုရဲ့ရှေ့မှာ ကျိန်စာတွေ ရွတ်ဖတ်

ပျားရည်စက်တွေကို မီးရှို့ ပူဇော်

ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ

ဟစ်တလာပါးစပ်ထဲက

ကျည်ဆန်တစ်ထောင့် ထွက်အံကျလာတယ်။

သူတို့ဟာ...

ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့

' ကျောင်းဖွင့်ပြီ ' ဆိုတဲ့ စာကိုရေး

သွေးစွန်းလက်တွေနဲ့ ပျူဌာစွာ

ဖိတ်ခေါ်ကြပါပြီ။

(၂)
ငါတို့ကျောင်းတော်ကြီးရဲ့

ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တစ်ခုဟာ

တဖြည်းဖြည်း နှစ်ငါးဆယ်လောက် ပြန်ငယ်ရွယ်သွားတယ်။

အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ

နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ

အဲ့ဒါ...'အောင်ဆန်း'တို့၊ 'ကျော်ငြိမ်း'တို့၊ 'သိန်းဖေ'တို့၊ 'ညိုမြ'တိုရဲ့

ဝိညာဉ်တွေပဲ...

ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး

ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်

အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။

ခု...သူတို့ရဲ့ ၀ိညာဉ်တွေဟာ

" ကမ္ဘာမကြေဘူး...............

ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတေး..."

သီချင်းလေး နားဆင်ရင်း

ရာဇ၀င်ရဲ့ တကျော့ပြန်စိန်ခေါ်ပွဲကို

မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)
ငါတို့ကျောင်းတော်ကြီးရဲ့

ဒီဘက်ခေတ် ၁၉၇၇-၈၈ နှစ်များထဲမှာပါ

တက္ကသိုလ်စာကြည့်တိုက်ထဲမှာ

ဖြူဝါးဝါးအရိပ်တစ်ချို့

စာထိုင်ဖတ်နေကြတယ်။

တချို့ဖတ်တာ...ကဗျာစာအုပ်

တချို့ဖတ်တာ...သမိုင်းစာအုပ်

တချို့ဖတ်တာ...နိုင်ငံရေးစာအုပ်

ရုတ်တရက်

အဖြူရိပ်တစ်ခုဟာ ထိုင်ရာကထ

" ဗမာပြည်ကို ကယ်တင်ရတော့မယ် "

နောက်ထပ် အဖြူရိပ်တစ်ခု စာအုပ်ပိတ်

" ဗမာပြည်ကို ကယ်တင်ရတော့မယ်

ဗမာပြည်ကို ထိတ်တုံးခတ်ပေးရမယ်"

သူတို့ဟာ တိတ်ဆိတ်စွာ

အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။

စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ

လွယ်အိတ်လွယ်သံများ

ဖိနပ်စီးသံများ အဆုံးမှာ

နောက်ထပ် အဖြူရိပ်တစ်ခု ထပ်ထွက်...

... ...နောက်ထပ်... ....

... ...နောက်ထပ်... ....

(၄)
ငါတို့ကျောင်းတော်ကြီးရဲ့

စာမသင်ဖြစ်တဲ့ စာသင်ခန်းတစ်ခုမှာ

အရိုးစုတစ်အုပ် အစည်းအဝေးလုပ်နေတယ်။

အရိုးစုတစ်ခုက... ထိုင်ရာမှ ဖြည်းညှင်းစွာထ

"ကျနော်တို့ တော်လှန်ရေး

အာဏာရှင်တွေ နောက်ဆုံးနေ့အထိ"

စသည်ဖြင့် ပြောကြား

အားလုံးငြိမ်သက်နားထောင်နေကြတယ်။

အခန်းထဲမှာ

အကျဉ်းထောင်က ပြေးထွက်လာတဲ့

ဗိုလ်ချူပ်ရဲ့ မိန့်ခွန်းတွေ

သတ္တိဗုံးကို နှောင်ထုံးခတ်

ပတ်ကြားအက်နေတဲ့ ရန်သူ့မျက်နှာတွေ

အဲ့ဒီမှာ...အရိုးစုတစ်ခုက လက်သီးဆုပ်

သူ့ နှုတ်က တိုးတိုးလေးပြော

" တောက အဖေနဲ့ အမေတော့

ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ..."

ကြေကွဲစွာ သူ့မျက်လုံးပေါက်ထဲက

မျက်ရည်ဖြူတစ်စက်

စီးသက်ကျလာတယ်။

(၅)

ငါတို့ကျောင်းတော်ကြီးရဲ့

ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ

အချူပ်ကားပြာပြာကြီးတွေ

ဒရကြမ်း နှင်နေကြတယ်။

" ကမ္ဘာမကြေ၊ ဗမာပြည်...ဒါ တို့ပြည်

ဒါ တို့မြေ...တို့ပိုင်တဲ့ မြေ"ဆိုတဲ့

တေးသံသာယာ

ညီညာစွာ ပဲ့တင်ပေါ်ထွက်

ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ

အချူပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ

သူတို့ရဲ့တံဆိပ်... တိုရဲ့အလံ

ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာဖြစ်တယ်။

ကျောင်းခေါင်းလောင်းအိုကြီးဟာ

ထွက်ခွာသွားတဲ့ အချူပ်ကားနောက်

ပြေးလိုက်ခလုတ်တိုက်ပြီး လဲပြိုကျ

ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား

" သားရေ... အမေ လိုက်ရှာနေတယ်လေ... သားရေ"

ဆိုတဲ့ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ

ရာဇ၀င်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။

(၆)

ငါတို့ကျောင်းတော်ကြီးရဲ့

နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ

ဒေါင်းအလံတလူလူ လွှင့်ထူလို့

ကျောင်းသားတွေ ချီလာပါပြီ

ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက

ရှေ့ဆုံးက အလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့

ကျောင်းသားတွေက

နောက်က ချီတက်လိုက်ပါလာတယ်။

" ဒီမိုကရေစီရရှိရေး... တို့အရေး"

" အာဏာရှင်စနစ်ကျဆုံးရေး... တို့အရေး" တဲ့။

ကိုယ့်ကိုကိုယ် တစ်ခါတည်း အသုဘချရင်း

တိုက်ပွဲဝင်ခဲ့ကြရဲတဲ့ ငါတို့ရဲ့တော်လှန်ရေး

ဘယ်တော့မှ... အရှုံးမပေးဘူး ဟေ့ ...

သေနတ်သံတစ်ချက်ဖောက်ရင်

ရာဇပလ္လင် မီးဟုန်းဟုန်းတောက်သွားမယ် ...

နောက်ဆုံးနေ့အထိ ...

(၇)

ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ

ရုတ်တရက် ရဲရဲနီစွေးသွားတယ်။

ချက်ချင်းပဲ ရေငွေ့ပျံတက်

ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို

ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ

လျှပ်တွေပြက်၊ မိုးတွေခြိမ်း... .... .... ..

ဒိန်းဒုံး ဆူညံသွားတယ် ..

အဲဒီအခါ ... ကျောင်းတော်မှာ ...

ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ

ဌက်ဆိုးတွေ ဝေါကနဲ ထပျံကြ

သစ်ရွက်တွေ တလက်လက် တောက်ပကြ

ခုံတန်းလျားတွေ အုတ်ဂူအဖြစ် ပြောင်းလဲကြ

မြေကြီးတွေ တုန်ခါတော်လဲကြ

တို့အရေး ...တို့အရေး... တို့အရေး ... တို့အရေး

ကြွေးကြော်သံတွေနဲ့

ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်

နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ

ငါတို့ကျောင်းတော်ကြီးဟာ ... ...

တလဲ့လဲ့ တ၀င်းဝင်း

သွေးနီရောင် တောက်ပခါ...

အာဇာနည် သူရဲကောင်းတို့ရဲ့

ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် ...။

(၈)

ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား

ခု ... သွေးပင်လယ်ကြီး ခြားနေပါပြီ ...

"ကျောင်းဖွင့်ပြီ" ဆိုတဲ့ အာဏာရှင်တွေဟာ

သွေးပင်လယ်ကြီးကို ကျော်နင်း

ထုံးတံတားကြီးကို ကျောခင်းပေးတယ်။

တစ်ချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ...

အဲ့ဒီထဲက တစ်ချို့ဟာ ...

" အကြောင်းကြောင်းကြောင့်ပါ "လို့

စိတ်မကောင်းစွာပြောရင်း ...

ထုံးတံတားကို လျှောက်နင်း ...

ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်

ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ် ...

တစ်ချို့ကတော့ ...

' ဂုဏ်တု ဂုဏ်ပြိုင်' ကောင်းကြောင်းပြောရင်း

ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ...

ရည်းစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။

အဲဒီလို ... လူစားတွေကိုတော့ ...

ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်

ရာဇ၀င်က ခွင့်မလွှတ်သရွေ့

သူတို့ဟာ ... သမိုင်းမှာ ...

' သစ္စာဖောက်' များသာ ဖြစ်တယ်။

(၉)

ကျောင်းသား နဲ့ ကျောင်း

တစ်နေ့တော့ ပေါင်းရမှာပဲ

ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး

ကျောင်းကြီးဆီ အရောက်သွားကြမယ်။

သွေးပင်လယ်ကြီးဟာ

တငွေ့ငွေ့ပူခြစ် ဆူပွက်

ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး

သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်

ငါတို့တွေ

ငါတို့တွေ လှည့်မပြန်ဘူး၊

ငါတို့ထဲက တစ်ချို့ဟာ ..
.
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ် ထွင်းထု

ငါတို့အထဲက တစ်ချို့ဟာ ...

ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်

ငါတို့အထဲက တစ်ချို့ဟာ ...

ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်

လှေရွက်အဖြစ် စပ်ချုပ်

မုန်တိုင်းကို ခွဲဝင်

သွေးပင်လယ်ကိုဖြတ်ပြီး

ကျောင်းတော်ကြီးဆီသွားဖို့

လုပ်နေတယ် ...။

(၁၀)

နောက်ဆုံးမှာ ...

ဒေါင်းအလံကို ... ဖြောင်းဆန်အောင် လွှင့်ထူရင်း

အမှန်တရားတစ်ခုထံ

ငါတို့ သစ္စာအဓိဠာန်ပြု

အို ... သူရဲကောင်းတို့

အို ... ကျဆုံးခဲ့လေသော

ဒီမိုကရေစီ တိုက်ပွဲဝင်

သူငယ်ချင်းဟောင်း ...

သူရဲကောင်းတို့

ထာဝစဉ် မပျက်ပြယ်နိုင်လောက်အောင်

မြင့်မြတ်စွာ ကျဆုံးခဲ့သော ...

သင်တို့၏ ၀ိညာဉ်တန်ခိုးတော်များသည်

ငါတို့၏ ရှေ့နောက်ဝဲယာ ...

ထက်အောက်ဝန်းကျင်၌

ပျံ့နှံ့တည်ရှိကြကုန်တော့၏ ။

ထိုသော....

သင်တို့၏ ၀ိညာဉ်တန်ခိုးတော်များသည်

ငါတို့၏ ခန္ဓာကိုယ်နေရာအနှံ့အပြားသို့

ထိုးဖောက်ယိုစိမ့်စီးဝင်ကာ

ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။

အို ... သူရဲကောင်းတို့

အို ... ကျဆုံးလေသော

ဒီမိုကရေစီတိုက်ပွဲဝင်

သူငယ်ချင်းဟောင်း သူရဲကောင်းတို့

ဗမာပြည်ကို ရှိခိုးကာ

ဤသွေးပင်လယ်အား

ငါတို့ ဖြတ်ကူးအံ့

မိုးလုံးပြည့် ကောင်းချီးသြဘာပေးသံများကြားမှာ

ငါတို့၏အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

ဥဒါန်း




ဆရာတာရာမင်းဝေရဲ့ကဗျာပါ

နှစ်သက်လွန်းလို့မျှဝေပါသည်။

ခွင့်ပြုချက်မယူနိုင်သည်ကိုသည်နေရာမှလေးစားစွာတောင်းပန်အပ်ပါသည်။

ကိုအောင်ဒင်စီစဉ်သော (တာယာမင်းဝေအမှတ်တရစာစုများ)မှ

ကူးယူတင်ပြပါသည်။

တတိုင်းမွှေး။ ။

ဥဒါန်း

ရွှေဘုန်းလူ

ပြာဝင်းဝိုးဝါးတဲ့

ဆောင်းနှင်းများကသာ

သမိုင်းရဲ့ဘာသာစကားဖြစ်မယ်ဆိုရင်

တလိမ့်လိမ့် ခယွင်းတဲ့

သွေးနှင်းစက်တွေ

တို့မြေမှာ မှိုင်းမှိုင်းဝေရော့မယ်။

သေသူရဲ့ အရိုးတွေက

ရှင်သူကို ဘာလုပ်ရမယ်လို့

အံ့ချီးဖွဖွ ရည်ညွန်းကြတာ

သမိုင်းလို့ ဆိုရမည်။

ရာဇ၀င်ဆိုးရဲ့

အရိုးတွန်သံ

ဘယ်သူ့ထံပါး

သယ်ဆောင်သွားမလဲ နှင်းတို့ရယ်။

ဒီဘက် ကမ္ဘာခေတ်ရဲ့

ရဲရင့်တဲ့ သမိုင်းကြောင်းဟာ

တို့ပြည်က ကျောင်းသားအလောင်းတွေဆီမှာ ရှိတယ်။

သားပျောက်ရှာနေတဲ့ အမေကို

သူ့အောက်ကမြေက

"မေမေ" လို့ တိုးတိုးလေး ခေါ်နေတယ်

မေမေရယ် မေမေရယ် မေမေရယ်။

ဇာဘုရင်ရဲ့ စန်စဆိုးကြောင့်

ပြည့်တန်ဆာဖြစ်ရတဲ့

ရုရှားမလေးဟာ

အိပ်ရာထဲမှာ ငိုနေတယ်။

နေ၀င်းရဲ့စနစ်ကြောင့်

သူပုန်ဖြစ်ရတဲ့ ကျောင်းသားတွေ

လမ်းမပေါ်မှာ တိုက်ပွဲဝင်နေတယ်။

ဒီနေ့ပွဲဟာ

ရှုံးရှုံး နိုင်နိုင်

ယှဉ်ပြိုင်ခြင်းသာ အဓိက ဆိုတဲ့ ပွဲမဟုတ်ဘူး

သူသေကိုယ်သေ အပြိုင်နွှဲ

ဝိညာဉ်ချင်း ရိုက်ခွဲတဲ့ ပွဲဖြစ်တယ်။

"ဟေ့....ကြိုးစင်"

ငါ ရင်ကော့ပြီး လာခဲ့မယ်။ ။

Friday, March 14, 2014

အမှတ်မဲ့




လူပျင်းတွေများတဲ့နေရာ

လူညာတွေပေါတဲ့အရပ်

လူတတ်တွေ ငုပ်တုတ်ငိုင်

လူ့မလိုင်တွေအာဏာရ

လူ့ဗာလတွေလက်ညိုးထောင်

သီလကြောင်တွေသြဇာတက်

မှူးမတ်ဖျက်တော့ မွဲတန်းဝင်

ဘုရင်ကြွေးတင် ပြည်သူဆပ်

ငတ်ခဲ့တာလည်းမမှတ်

သတ်ခဲ့တာလည်း မမှတ်

ဘ၀တွေကလူဖြစ်မနပ်။

တတိုင်းမွှေး။